Friday 15 May 2015

အပူဆုံးဒေသများဖြစ်သည့် အလယ်ပိုင်းဒေသများတွင် လေးရက်ခန့်အတွင်း မိုးရွာမည်

လက်ရှိအချိန်တွင် အပူချိန်အမြင့်ဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် လာမည့် မေ ၁၇ ရက်နှင့် ၁၈ ရက်များ၌ ရက်တို မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်လာသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က မဇ္ဈိမကို ပြောသည်။

အဆိုပါ မိုးရွာသွန်းမှုသည် ပုံမှန်မိုးရွာသွန်းမှု မဟုတ်ဘဲ  ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းရှိ လေပွေလှိုင်း တစ်ခုကြောင့် တိမ်ဖြစ်ထွန်းမှု ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအလယ်ပိုင်းသို့ ယင်းတိမ်တိုက်များ တိုးဝင် လာနိုင်သည့် အနေအထားကြောင့် မေ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် မိုးအနည်းငယ် ရွာသွန်းနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

ဦးလှထွန်းက “အနည်းငယ်လောက်ပဲ ရွာသွန်းမှာပါ။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာရှိတဲ့ လေပွေ လှိုင်းလေးက လျှော့သွားပြန်ရင်လည်း မိုးရွာသွန်းမှုက ပြန်လျှော့နိုင်ပါတယ်။ ဒီမိုးရွာသွန်းမှုက ပုံမှန်ရွာ သွန်းမှု မဟုတ်ဘူး။ လေပွေလှိုင်းကြောင့် မိုးရွာသွန်းတာပါ” ဟု ပြောသည်။

မေ ၁၄ ရက်မနက်ပိုင်းတွင် မြန်မာနိုင်ငံ အတွင်းရှိ ဒေသအချို့တွင် မိုးရွာသွန်းခဲ့ပြီး ကော့သောင်း၊  ပြင်ဦး လွင်၊ သီပေါ၊ မန္တလေး၊ မြစ်ကြီးနားတို့တွင် မိုးရွာသွန်းကာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်း ခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှုနှင့် ပတ်သက်ပြီး  မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က "မန္တလေးတိုင်း မနေ့ကစပြီး မိုးတွေရွာနေပြီ။ စစ်ကိုင်းတိုင်းအောက်ပိုင်း အပူအနည်း ငယ်ပြန် လျော့နေပြီ။ မကွေးတိုင်းကတော့ မတ်လ ၁၈ ရက်နေ့နောက်ပိုင်းမှာ မိုးစတင်ရွာနိုင်ပါလိမ့် မယ်လို့ တွက်ချက်ရရှိ ထားပါကြောင်း မကွေးတိုင်းအတွင်းက မိတ်ဆွေများကို သတင်းကောင်း ပါးလိုက်ပါရစေ" ဟု ၎င်း၏ လူမှု ကွန်ရက်စာ မျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိဖြစ်ပေါ်နေသည့် အပူချိန်များမှာ မုံရွာမြို့၊ မြင်းခြံမြို့၊ ညောင်ဦးမြို့ ၊ ချောက်မြို့ ၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် (၄၃) ဒီဂရီစင်တီဂရိတ်အထိ ရှိနေသည်။  ယင်းအပြင် နေပြည်တော်၏ အမြင့်ဆုံး အပူချိန်သည် (၄၀) ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်မြို့၏ အမြင့်ဆုံး အပူချိန်သည် (၃၈) ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးမြို့၏ အမြင့်ဆုံးအပူချိန်သည် (၄၁) ဒီဂရီ စင်တီဂရိတ်တို့ ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment