Wednesday 13 May 2015

ရန်ကုန် မြို့ပတ်ရထားလမ်း အချက်ပြစနစ်အားလုံး ဒစ်ဂျစ်တယ်စနစ် ပြောင်းမည်

ရန်ကုန် မြို့ပတ်ရထားကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
ရန်ကုန်မြို့ပတ်ရထားလမ်းမှ အချက်ပြစနစ်အားလုံးကို အလိုလျောက် ဒီဂျစ်တယ် စနစ်သို့ပြောင်းလဲ အဆင့်မြှင့်မည်ဖြစ်ကြောင်း မြန်မာ့မီရထား အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်းအောင်သင်း က မေလ ၁၂ ရက် ယုဇန ဂါးဒင်းဟိုတယ်တွင် ပြုလုပ်သော ရန်ကုန်မြို့ပတ် ရထား လမ်းပိုင်း အဆင့်မြင့်တင်ရေး စီမံကိန်း လူထုတွေ့ဆုံပွဲတွင် ပြောသည်။

"မြို့ပတ်လမ်း ၄၈ ကီလိုမီတာစလုံးကို အဆင့်မြှင့်မယ်၊ အဲဒီအတွက် လက်ရှိသံလမ်းတွေမှာ ကျောက်တွေ နည်းနေတာ၊ သံလမ်းဆက် မခိုင်တာတွေကို စတင်အဆင့်မြှင့်မယ်" ဟု ၎င်းက ဆိုသည်။

တပ်ဆင်မည့် စက်များမှာ ရထားလမ်းနှင့် ကားလမ်းဆုံရာတွင် တပ်ဆင်ထားသည့် လူအင်အား အသုံးပြု လုံခြုံရေး တံခါးများနှင့် အချက်ပြစနစ်များ ဖြစ်သည့် မီးပွိုင့်၊ လမ်းကြောင်းပြ စနစ်များ အားလုံးကို အလိုအလျောက် ဒစ်ဂျစ်တယ် စနစ်သို့ ပြောင်းလဲမည်ဖြစ်သည်ဟု မြန်မာ့မီးရထား ဆက်သွယ်ရေးဌာနမှူး အင်ဂျင်နီယာ ဦးမြင့်လွင်က ဆိုသည်။

"မီးပွိုင့်တွေကနေတစ်ဆင့် ရထားလမ်းတွေမှာ အလိုအလျောက် ဘရိတ်ဖမ်းတဲ့စနစ်တွေ အလိုအလျောက် ပိတ်တဲ့ လုံခြုံရေး တံခါးစနစ် ဒါတွေအကုန်လုံးကို ပြောင်းမယ်၊ ပစ္စည်းတွေ၊ နည်းပညာနဲ့ လိုအပ်တဲ့ ငွေကြေးက ဂျိုက်ကာရဲ့ ချေးငွေနဲ့ လုပ်ဆောင်သွားမှာပါ" ဟု ၎င်းက ပြောသည်။

ပြင်ဆင်ရာတွင် ၄၈ ကီလိုမီတာအကွာအဝေး ရှိသည့် ရန်ကုန်ဘူတာကြီး၊ မလွှကုန်း၊ ပုရွက်ဆိတ်ကုန်း၊ မင်္ဂလာဒုံ၊ ဒညင်းကုန်း၊ အင်းစိန်၊ ကြည့်မြင်တိုင် ရထားလမ်းပိုင်းများအားလုံးမှ အချက်ပြစနစ်များ အားလုံးကို ပြင်ဆင်မည်ဖြစ်သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ JICA က ထောက်ပံ့ပေးမည့် ချေးငွေ ရရှိရေး အတွက်ကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်နေပြီး လုံလောက်သည့် ချေးငွေပမာဏရရှိ မည်ဖြစ်သည်ဟု ဦးမြင့်လွင်က ဆိုသည်။

"အစိုးရနှစ်ဘက်ညှိနေပါတယ်။ ပမာဏ ဘယ်လောက်ဆိုတာ ပြောမရသေးပါဘူး။ ချေးငွေအမျိုးအစားနဲ့ အကူ အညီပေးသွားမှာပါ" ဟု JICA မှ ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ စီမံကိန်း မန်နေဂျာ Mr. Junji SHIBATA က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရာတွင် အလိုအလျောက် ဒီဂျစ်တယ်စနစ်သာမက၊ ရထားဘူတာရုံ ၃၈ ခုကိုလည်း Way Side Development (ရထားလမ်း ဘေးပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှု) အဖြစ် အဆင့်မြှင့်တင်သွားမည့် စီမံကိန်းများ၊ ယခင် တစ်နာရီ ၂၆ မိုင်နှုန်းထိသာ မောင်းနှင်နိုင်သည် နှုန်းမှ ကီလို ၆၀ နှုန်းထိ တိုးမြှင့် မောင်းနှင်နိုင်ရေးလည်း ပါဝင်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) ထံမှ သိရသည်။ အဆင့်မြှင့်တင်မှုကြောင့် ဖြစ်ပေါ်လာမည့် ပြောင်းရွှေ့ နေရာချထားပေးရေး

၄၈ ကီလိုမီတာ အကွာအဝေးရှိသည့် ရန်ကုန် မြို့ပတ်ရထား လမ်းပိုင်းစနစ် အဆင့်မြှင့်တင်မှုကြောင့် ပြောင်းရွှေ့ရန် လိုအပ်သည့် မိသားစုဝင်ပေါင်း ၅၀ နှင့် စိုက်ခင်း ၂ ခု ထိ ရှိနေသည်။ ယင်းတို့ထဲတွင် မီးရထားဝန်ထမ်း ၃၀ ကျော်နှင့် မီးရထားဝန်ထမ်းမဟုတ်သူ ၂၀ နီးပါး ပါရှိကြောင်း စီမံကိန်း ရေးဆွဲထားသည့် အချက်အလက်များ အရ သိရသည်။

"ကျွန်တော် ၁၈ နှစ်သားကတည်း နေတာ အခု ၆၈ နှစ်ရှိပါပြီ၊ အခုခေတ်နဲ့ညီတဲ့ အဖိုးနှုန်း ကိုက်ညီတဲ့ဟာနဲ့ အဆင်ပြေမှာပါ။ အခု ဥပဒေက အရင်အင်္ဂလိပ်ခေတ်ကတည်းက ဟာနဲ့ ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး" ဟု မီးရထားလမ်း အဆင့်မြှင့်တင်မှုကြောင့် ပြောင်းရွှေ့မည့် မီးရထားပိုင်မြေတွင် နေထိုင်သူ ဦးဌေးက ဆိုသည်။

မီးရထားဝန်ထမ်း မဟုတ်သူများကိုမူ ၁၉၈၄ မြေယာသိမ်းယူခြင်း အက်ဥပဒေပါ တရားဝင် နည်းလမ်းများ အတိုင်း ဖြေရှင်းဆောင်ရွက်ပေး မည်ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) က သတ်မှတ်ထားသည်ဟု JICA လေ့လာရေး အဖွဲ့ဝင် ဦးတင်အောင်မိုးက ပြောသည်။

ယင်းဥပဒေပါ အချက်များသည့် ခေတ်ကာလနှင့် ကိုက်ညီမှု မရှိတော့ကြောင်း မြေယာအငြင်းပွားမှု ဖြေရှင်း ပေးသည့် ရှေ့နေများထံမှ သိရသည်။    

ရန်ကုန်မြိ့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော်မှုကို လူထုတွေ့ဆုံပွဲ ပြုလုပ်သည့် မေလ ၁၂ ရက် နောက်ပိုင်းမှ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) ထံမှ သိရသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment