Wednesday 13 May 2015

ခရီးသွားမော်တော်ယာဉ်အား KIA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက် မှုကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊မြစ်ကြီးနားမှ ဖားကန့်မြို့နယ်သို့ ခရီးသွားမော်တော် ယာဉ်များ ပြေးဆွဲလျက်ရှိရာ KIA အဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက် မှုကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ ထံမှ သတင်းရ ရှိသည်။

အဆိုပါဖြစ်စဉ်မှာ မေလ ၁၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဖားကန့်မှ မိုးကောင်းမြို့နယ်သို့ မောင်းနှင်လာသော ဗင်ကားတစ်စီး ကပ်မှော်ဇွပ်ကျေးရွာသို့အရောက်တွင် KIA အဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက် မှု ကြောင့် ယာဉ်မောင်းအမျိုးသားနှင့် အတူ ခရီးသွားအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ ကာမိုင်း ပြည်သူ့ဆေးရုံမှတစ်ဆင့် မိုးကောင်းပြည်သူ့ ဆေးရုံသို့ပို့ဆောင်၍ အရေးပေါ်ဆေးကုသမှု ခံယူလျက်ရှိကြောင်း လိုက်ပါပို့ဆောင်ပေးသော ဒေသခံတစ်ဦးထံမှ သိရှိရ သည်။

“ မိုင်းကွဲသံကြားလို့ ရွာကရွာသားတွေတော့ဒုက္ခပဲဆိုပြီး ထွက်ကြည့်တော့ လမ်းပေါ်မှာ ဗင်ကားတစ်စီး ဖြစ်နေတယ်၊ ဆွဲမိုင်းဆွဲခံလိုက်ရတာလို့ ပြောတယ်၊ ကားမောင်းသမားနဲ့ ခရီးသွားအမျိုးသမီးတစ်ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွား တယ်၊ ဒါတမင်သက်သက်မိုက်ရိုင်းတာဗျ၊ ရွာအနီးအနားမှာဆိုတော့ တော် သေး တာပေါ့ ဗျာ၊ ရွာသားတွေအကူအညီနဲ့ ကာမိုင်းပြည်သူ့ဆေးရုံကိုလိုက်ပို့လိုက်ကြတယ် ” ဟု ကပ်မှော်ဇွပ်ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“ ဒီဒေသမှာ KIA က ရွာတွေမှာတင်မကဘဲ လမ်းပေါ်တွေမှာပါ မိုင်းထော င်လာတော့ ကျွန်တော်တို့ ဘယ်နား သွားနေကြမလဲဗျာ၊ ခဏခဏဆိုသလို ဘယ်နားမှာရွာသားတွေ မိုင်းနင်းမိတယ်၊ ခရီးသွား ကားတွေ ဆွဲမိုင်းဆွဲခံ ရတယ်၊ အဲ့လိုနေရာတိုင်းမှာဖြစ်လာတော့ ဒေသခံတွေ ဘယ်မှမသွားရဲမ လာရဲတွေ ဖြစ်ကုန်ကြပြီ ” ဟု ယင်း ရွာသားမှ ဆက်လက် ပြောပြသည်။

KIA အဖွဲ့သည် ဒေသခံပြည်သူများအပေါ် အမြဲလိုလို ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် မိုင်းထောင်ခြင်း တို့ကြောင့် လူ့အခွင့်အရေးချိုးဖောက် မှုတွေဖြစ်ပေါ်နေခြင်း ကို ပြည်သူများ မကျေမနပ် ဖြစ်နေ ကြောင်းနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုသည့်အခါ ယင်းအချက်အလက်များကို ခိုင်မာပြည့်စုံအောင် ဆွေးနွေး သွားသင့်သည်ဟု မိုးကောင်းမြို့နယ် ကျောင်းဆရာ တစ်ဦးမှ ပြောကြား သွားသည်။

ဇော်ဦး
Kachin Daily News

No comments:

Post a Comment