Wednesday 13 May 2015

မောင်တောမြို့နယ် ဒုချီးရားတန်း ဘင်္ဂါလီကျေးရွာ၌ ရဲတပ်ကြပ်ကြီးတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်မှ တရားခံပြေးစာရင်းတွင် ပါဝင်သူ ဘင်္ဂါလီတစ်ဦးအား တစ်နှစ်ကျော်အကြာတွင် ဖမ်းဆီးရမိ

မောင်တောမြို့နယ်အတွင်း  ဒုချီးရားတန်း ဘင်္ဂါလီကျေးရွာတွင် ရဲတပ်ကြပ်ကြီးတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်မှ တရားခံပြေးစာရင်းတွင် ပါဝင်သူ ဘင်္ဂါလီတစ်ဦးအား တစ်နှစ်ကျော်အကြာ၌ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

 အဆိုပါ တရားခံပြေးမှာ အာယု(ခ)လာလာရာ ဆိုသူဖြစ်ပြီး ၎င်းအား မေ ၆ ရက် ညနေ ၅ နာရီခွဲတွင် ဒုချီးရားတန်း တောင်ရွာ၌ နယ်ခြားစောင့်ရဲမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူ အာယု (ခ) လာလာရာ (၂၄ နှစ်)၊ (ဘ) မော်ဂူအာမတ်မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၃ ရက် ညက ဒုချီးရားတန်းကျေးရွာတွင် ကင်းလှည့်ရဲတပ်ဖွဲ့အား ၀ိုင်းဝန်းရန်ပြု တိုက်ခိုက်ပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းအား သတ်ဖြတ်ခဲ့ရာတွင် ပါဝင်သဖြင့် မောင်တောရဲစခန်း (ပ)၁၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၃/၃၄၆/၁၁၄ အမှု တရားခံပြေးအဖြစ် ကြေညာထားသူဖြစ်ကြောင်းနှင့် မေ ၂ ရက် နံနက်ပိုင်းက ဒုချီးရားတန်းကျေးရွာတာဝန်ခံ မာမတ်ဆုတန်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

တရားခံပြေးဖြစ်သူ ဘင်္ဂါလီအား ဒုချီးရားတန်းကျေးရွာတာဝန်ခံ အသတ်ခံရသည့် ဖြစ်စဉ်မှ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ၎င်းအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးခဲ့ရာ ကျေးရွာတာဝန်ခံကို သတ်ခဲ့သူ သုံးဦးထဲတွင် ပါဝင်ကြောင်းနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သတ်ဖြတ်မှုဖြစ်စဉ်တွင် ပါဝင်သည်ဟု ထွက်ဆိုခဲ့သည်။

“အခုဖမ်းမိတဲ့ လာလာရာဆိုသူက ဒုချီးရားတန်းအုပ်ချုပ်ရေးတာဝန်ခံ မာမတ်ဆုတန်ကို သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ သုံးဦးမှာပါတယ်။ နောက် သူ့ကို ပူးပေါင်းစစ်ဆေးလိုက်တဲ့အခါ အောင်ကျော်သိန်း သတ်တဲ့အမှုမှာလည်း သူပါတယ်ဆိုပြီး ၀န်ခံထွက်ဆိုတယ်။ ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ  ဆူတန်ကို သတ်တဲ့အခါ သူခြံဝကစောင့်တယ်။ နောက်နှစ်ယောက်က သေနတ်နဲ့ ပစ်သတ်တယ်။ သတ်ပြီး ရှောင် နေတယ်။ သူက တရားခံပြေး စာရင်းထဲမှာလည်း ပါတယ်” ဟု မောင်တောနယ်စပ်လုံခြုံရေးဆောင်ရွက် နေသည့် ရဲအရာရှိတစ်ဦးက ဆိုသည်။  

Eleven Media Group 

No comments:

Post a Comment