Wednesday 13 May 2015

မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လေယာဉ်ပစ် စက်သေနတ် ဖြင့် ပစ်ခတ် ကွပ်မျက်ခံရ

မြောက်ကိုရီးယားကာကွယ်ရေး ဦးစီးချုပ်ဟောင်းသည် အခမ်းအနားတစ်ခုတွင် ခေါင်းဆောင်ကြီး ကင်မ်ဂျုံ အန်း မိန့်ခွန်းပြောနေစဉ် အိပ်ပျော်သွားသဖြင့် လေယာဉ်ပစ် စက်သေနတ်ဖြင့် ပစ်ခတ် ကွပ်မျက်ခံရ ကြောင်း သိရှိရသည်။

အသက် ၆၆ နှစ်ရှိ ဟွမ်ယောင်ချိုလ်သည် အထီးကျန် ကွန်မြူနစ်နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍကို ကြီးမှူး ရသည့် ထိပ်တန်းတာဝန်ရှိသူ ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် လအတွင်းက ကွပ်မျက်ခံရခြင်းဟု ဆိုသည်။ ၎င်းသည် ခေါင်းဆောင်ကြီး ကင်မ်ကိုယ်တိုင် ကြီးမှူးသည့် စစ်ရေး အခမ်းအနား တစ်ရပ်တွင် အိပ်ပျော် သွားသည့်အတွက် ခေါင်းဆောင်ကြီးကို မလေးမစား ပြုမူမှုဖြင့် ယခုလို ပြစ်ဒဏ် စီရင်ခံရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ (NIS)မှ တာဝန်ရှိသူများနှင့် တံခါးပိတ် ဆွေးနွေးခဲ့သည့် တောင်ကိုရီးယား ဥပဒေပြု အမတ်များက ပြောကြားခဲ့သည်။

 ၂၀၁၁ ခုနှစ်က မြောက်ကိုရီးယားတွင် ကင်မ် အာဏာရလာပြီးနောက် အစိုးရထိပ်တန်း အရာရှိများ ကွပ်မျက်ခံရမှုများ ဆက်တိုက်ဖြစ်လာရာ ဟွမ်သည် နောက်ဆုံးသားကောင်ဟု ယူဆရသည်။ ကင်မ်သည် ရက်စက်သော နည်းလမ်းများဖြင့် သေဒဏ်စီရင်ရန် အမိန့်ချမှတ်လေ့ရှိပြီး ယင်းကို လူရာပေါင်းများစွာက သွားရောက် ကြည့်ရှုရကြောင်းလည်း သိရသည်။

 NIS အနေဖြင့် အဆိုပါ သတင်းကို မည်သို့မည်ပုံ ရရှိလာသည်ကို မသဲကွဲသေးသလို လွတ်လပ်စွာ အတည်ပြုနိုင်ရန် ခက်ခဲနေဆဲဟု BBCက ဖော်ပြခဲ့သည်။ ဟွမ်သည် ဧပြီလက ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ရှိ လုံခြုံရေးညီလာခံတစ်ရပ်သို့ တက်ရောက်ခဲ့ပြီး ထို့နောက်ပိုင်းတွင် သတင်းအစအန ပျောက် ကွယ်လျက် ရှိသည်။

 NISက ကင်မ်သည် ၎င်း၏ အုပ်ချုပ်မှုကို စိန်ခေါ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အစိုးရ အထက်တန်း အရာရှိ ၁၅ ဦးထက်မနည်းကို ယခုနှစ် တစ်နှစ်တည်းတွင်ပင် ကွပ်မျက်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ ကင်မ် အာဏာရလာပြီးနောက်ပိုင်း ယင်းကဲ့သို့ သေဒဏ်စီရင်ခံရသူ အရေအတွက်မှာ ၇၀ ကျော်သွားပြီဟုလည်း NIS၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အခုရက်ပိုင်းတွေမှာ မြောက်ကိုရီးယား လျှို့ဝှက်ရဲတပ်ဖွဲ့တွေဟာ အရမ်း အကဲဆတ်တဲ့ အခြေအနေ ဖြစ်နေတယ်။ ကင်မ်နဲ့ ပတ်သက်ပြီး ဘယ်လို မလေးမစား ပြုမှုမျိုးကိုမှ သူတို့က လက်မခံကြဘူး။ အစိုးရ ထိပ်ပိုင်းနဲ့ အလယ်အလတ် အဆင့်အတန်းက ပုဂ္ဂိုလ်တွေလည်း သတိထားနေရတယ်”ဟု မြောက် ကိုရီးယား အရေး လေ့လာသူတစ်ဦးဖြစ်သည့် မိုက်ကယ် မက်ဒမ်က ပြောကြားခဲ့သည်။

 ဟွမ်သည် ပြုံယမ်းမြို့တော် မြောက်ဘက် ၁၄ မိုင်မျှ အကွာရှိ ကန်ဂွမ် စစ်ရေးလေ့ကျင့်မှု ဧရိယာတွင် သေဒဏ် စီရင်ခံရခြင်းဟု ယူဆရသည်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး ကော်မတီက ဂြိုဟ်တု ပုံရိပ်များကို ကိုးကားပြီး အောက်တိုဘာလ ကတည်းက ထိုနေရာတွင် သေဒဏ်စီရင်ရာ၌ လက်ဖြောင့် တပ်ဖွဲ့အစား ZPU-4 လေကြောင်းရန် ကာကွယ်ရေး စက်သေနတ်များကို သုံးစွဲနေကြောင်း ဖော်ပြခဲ့သည်။

 သေဒဏ် စီရင်ခံရသူသည် စက်သေနတ်နှင့် မီတာ ၃၀ မျှ အကွာမှ အပစ်ခံရခြင်း ဖြစ်သည်။ ယင်းစက် သေနတ်များသည် မီတာ ၈၀၀၀မျှ အကွာအဝေးထိ ပစ်ခတ်နိုင်သည့် အလွန်အားကောင်းသော လက်နက် များ ဖြစ်သည်။ “ဒီလို လက်နက်မျိုးနဲ့ သေဒဏ် စီရင်တာဟာ ရက်စက်ပြီး မူမမှန်တဲ့ လုပ်ရပ်ပါပဲ။ အင်မတန် စက်ဆုပ်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်”ဟု လူ့အခွင့်အရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။

Ref: Reuters
7Day DAILY 

No comments:

Post a Comment