Wednesday 13 May 2015

မြန်မာနိုင်ငံမှ သူနာပြုတစ်ဦး (၄၅) ကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေး ဆုရရှိ

ကမ္ဘာ့သူနာပြု များနေ့ဖြစ်သည့် မေ ၁၂ ရက်တွင် ထုတ်ပြန်ချီးမြှင့်လိုက်သည့် ဖလော ရင့် နိုက်တင်ဂေး ဆုကို မြန်မာနိုင်ငံမှ သူနာပြုတစ်ဦးက ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မေ ၁၂ ရက် (ကမ္ဘာ့သူနာပြုများနေ့)တွင် ထုတ် ပြန်ကြေညာ ခဲ့သည့် (၄၅)ကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေးဆုကို မြန်မာ နိုင်ငံမှသူနာပြုတစ်ဦးဖြစ်သူ ဦးစနိုင် နိုင်ထွန်းကရရှိခဲ့ပြီး ယင်းဆုကို မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံ မှ သူနာပြု ၃၆ ဦး ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်ခင်မျိုး မြတ်သိန်းက ''ဦးစနိုင်နိုင်ထွန်းက အစိုးရအထက်တန်းသူနာပြု ရာထူး အဆင့်နဲ့ ပုသိမ်ခရိုင် ငပုတောမြို့ နယ် ဟိုင်းကြီးကျွန်းဆေးရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ကစပြီး သူ နာပြုလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ တာဖြစ်ပါတယ်။ အဲဒီလိုလုပ်ကိုင်ခဲ့ ပြီး နာဂစ်မုန်တိုင်းတိုက်ခတ်နေတဲ့ အချိန်မှာ ဦးစနိုင်နိုင်ထွန်း တာဝန် ထမ်းဆောင်နေတဲ့ ဟိုင်းကြီးကျွန်း က မုန်တိုင်းဒဏ်ခံ ပြည်သူတွေကို ဘေးကင်းရာသို့ ကူညီပြောင်းရွှေ့ ပေးပြီး သူနာပြုပေးခြင်းတို့ကို သက်စွန့်ဆံဖျားဆောင်ရွက်ခဲ့တဲ့အ တွက် ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဦးစနိုင်နိုင်ထွန်းကိုလဲ ဒီဆုချီးမြှင့်ခြင်းခံရတဲ့အကြောင်းကို အကြောင်း ကြားထားပါပြီ။ ဆုချီးမြှင့်မယ့်နိုင်ငံ နဲ့ အချိန်ကိုတော့ မသိရသေးပါဘူး''ဟု ပြောကြားခဲ့သည်။

ဦးစနိုင်နိုင်ထွန်းသည် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန် တိုင်းကာလအတွင်း မိမိတာဝန်ကျ ရာ ဟိုင်းကြီးကျွန်းရှိ မုန်တိုင်းဒဏ်ခံ ပြည်သူများကိုဘေးကင်းရာသို့ ကူ ညီရွှေ့ပြောင်းပေးခြင်း၊ သူနာပြုပေး ခြင်းတို့ကို သက်စွန့်ဆံဖျားဆောင် ရွက်ခဲ့သောကြောင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဆုချီးမြှင့် ခြင်းခံရသူ ဦးစနိုင်နိုင်ထွန်းက မုန် တိုင်းကာလအတွင်း အများပြည်သူ ကဲ့သို့ မိမိလဲ မုန်တိုင်းဒဏ်ကို ကိုယ်တွေ့ရင်ဆိုင်ကြောက်ရွံ့ခဲ့ရပါကြောင်း၊ သို့သော် မိမိတတ်ကျွမ်းထားသည့် သူနာပြု အတတ်ပညာများဖြင့် အများ ပြည်သူကိုကူညီရင်း ယင်းကြောက်ရွံ့ မှုများနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ သူနာပြုတစ်ဦးအနေ ဖြင့် ထိတ်လန့်ဖွယ်အမှတ်တရများ နှင့်အတူ ဂုဏ်ယူဖွယ် အမှတ်တရများ လဲ ဖြစ်ခဲ့ပါကြောင်း ပြောသည်။

ဖလောရင့်နိုက်တင်ဂေးဆုဆို သည်မှာ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့်သော် လည်း ကောင်း၊ လူ့ပယောဂကြောင့် ဖြစ်သော ဘေးအန္တရာယ်များကြောင့် သော်လည်းကောင်း၊ ဒဏ်ရာ ရနေ သူ၊ ဖျားနာနေသူ၊ မသန်စွမ်းဖြစ်နေ သူ ပြည်သူများကို သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ပြုစုသူ၊ သို့မဟုတ် လူထုကျန်းမာရေး၊ သို့မဟုတ် သူနာပြု အသိပညာဆိုင်ရာကိစ္စများတွင် စံပြု ထိုက်လောက်အောင် ဦးစီးဦးဆောင်ကာ တီထွင်ဖန်တီးလုပ်ဆောင်သူ သူနာပြုများအတွက် ရည်ရွယ်ကာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီနှင့် လခြမ်းနီအသင်းများက ဦးဆောင်ချီးမြှင့် သော ဆုဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် စတင်တည် ထောင်ခဲ့သော ယင်းဆုမှာ သူနာပြု များအတွက် ကမ္ဘာ့အမြင့်ဆုံးဆုဖြစ် ပြီး ယနေ့အထိသူနာပြုပေါင်း ၁၄၄၉ ဦးကို ရွေးချယ်ချီးမြှင့်ခဲ့ရာတွင် မြန် မာနိုင်ငံအနေဖြင့် ဖလောရင့်နိုက် တင်ဂေးဆုကို ယခုတစ်ကြိမ်ချီးမြှင့်ခံရခြင်းမှာ လေးကြိမ်မြောက်ချီးမြှင့် ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေး ဒုက္ခသည်များအား ဘေးကင်းရာ ပြောင်းရွှေ့ပေးပြီး နေ့မအားညမနား ပြုစုခြင်း၊ ဒဏ်ရာရ ဗမာ့လွတ်လပ် ရေး တပ်မတော်သားများအား ပြုစု ခြင်း၊ ဂျပန်တော်လှန်ရေးတွင် တိုင်း (၄) ဆေးတပ်ဖွဲ့နှင့် ၎င်းရဲဘော်များ အား ပြုစုခဲ့ခြင်းတို့ကြောင့် ၁၉၆၃ ခုနှစ်တွင် သူနာပြုဆရာမကြီး ဗိုလ် မှူးဒေါ်ခင်အုန်းမြကလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့ တပ်မတော်စစ်ကြောင်းမှ ဒဏ်ရာရ ရဲဘော်များနှင့် အရပ်သူ အရပ်သားများအား သက်စွန့်ဆံဖျား ပြုစု ခြင်းကြောင့် ၁၉၉၃ ခုနှစ်တွင် သူနာ ပြုဦးစီးအရာရှိ ဒေါ်အမ်ယော်နမ်က လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ဖောင်း ပြင်မြို့တွင် မီးလောင်နေသော နေအိမ် အတွင်းမှ အသက်ရှစ်နှစ်အရွယ် ကလေးငယ်အား စွန့်စွန့်စားစား ကယ်တင်ခဲ့ သည့်အတွက် ၂၀၀၁ ခုနှစ်တွင် သားဖွားဆရာမဒေါ်သိန်းရီကလည်းကောင်း အသီးသီးရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် မေ ၁၂ ရက် (ကမ္ဘာ့ သူနာပြုများနေ့) တွင်ထုတ်ပြန်ကြေ ညာလိုက်သည့် (၄၅) ကြိမ်မြောက် ဖလောရင့် နိုက်တင်ဂေးဆုကို မြန်မာ နိုင်ငံမှ ဦးစနိုင်နိုင်ထွန်းက ရရှိခဲ့ခြင်း ဖြစ်သည်။

SMT(PT)
‎Democracytoday‬

No comments:

Post a Comment