Wednesday 13 May 2015

ပင်စင်သက်တမ်းပြည့်တော့မည့် တပ်မတော်အရာရှိကြီးအချို့နှင့် အငြိမ်းစား ၀န်ကြီးဟောင်းများအနေဖြင့် ဆန္ဒပြုမည်ဆိုပါက ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်နိုင်သည်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြား

ပင်စင်သက်တမ်းပြည့်တော့မည့် တပ်မတော်မှ အရာရှိကြီးအချို့နှင့် အငြိမ်းစား ၀န်ကြီးဟောင်းများ အနေဖြင့် ဆန္ဒပြုမည်ဆိုပါက လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲ ၀င်လာနိုင်သည် ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မေ ၁၂ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။ 

သတင်းထောက်များ မေးမြန်းကြသည့် “ ဦးအောင်မင်း၊ ဦးစိုးသိန်းရော ပါတီကနေ ပြန်အရွေးခံနိုင်ပါ သလား” ဆိုသည့်  မေးခွန်းအပေါ် ဦးဌေးဦးက “ ပါနိုင်တာပေါ့။သူတို့လည်း ဟိုအရင်တုန်းက ကိုယ်စားလှယ် တွေပဲ”ဟု ပြန်လည်ဖြေကြားပေးသည်။

ဆက်လက်၍ သတင်းထောက်များက “အခု ၂၀၁၅ ရွေးကောက်ပွဲပြိုင်မယ့် သူတွေထဲမှာ အနားယူသွားတဲ့ ၀န်ကြီးဟောင်းတွေရော ပါတီကနေ ပြန်ပြိုင် နိုင်ပါသလား။ ဥပမာ အရင်လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့လို  ပုဂ္ဂိုလ်တွေပါ“ဟု မေးမြန်းခဲ့ရာ ဦးဌေးဦးက “အမှန်ကတော့ အနားယူသွားတဲ့ ၀န်ကြီး ဟောင်း တွေ ထဲမှာ ကျွန်တော်တို့လည်း ပါတာပဲလေ။ လူထုက သူတို့ကို ထောက်ခံမယ်ဆိုရင်တော့  နိုင်ကြမှာပေါ့။ အကုန်လုံးကတော့ ပါတီအနေနဲ့ စိစစ်ပြီး ရွေးမှာပါ။ သူတို့ ဆန္ဒပြုတယ်။ ပါတီကလည်း ရွေးတယ်။ အလားအလာ လည်း ကောင်းတယ်ဆိုရင် ပါမှာပေါ့” ဟု ပြန်လည်ဖြေကြား သည်။

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အားလုံးတွင် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်အတွက် ကိုယ်စားလှယ်လောင်းများရွေးချယ်မှုကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးဌေးဦးက ဆိုသည်။

“ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တို့လို၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတို့လို ပင်စင်သက်တမ်းပြည့်မယ့် တပ်မတော် သားတွေရော ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကနေ ပါလာနိုင်ပါသလား” ဆိုသည့် သတင်းထောက်များ၏ မေးမြန်းချက်ကို”ပါလာနိုင်တာပေါ့။ တချို့ပေါ့။ သူတို့ကိုယ်တိုင်လည်း ဆန္ဒပြုတယ်ဆို ပါလာမှာပေါ့။ အရေးကြီးတာတော့ သူတို့ဆန္ဒပြုဖို့ လိုတယ်”ဟု  ဦးဌေးဦးက ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက လက်ရှိအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကိုသာ ထမ်းဆောင်လျက်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုမူ ရွေးကောက်ပွဲမတိုင်မီ သုံးလအလိုမှသာ ဆောင်ရွက်ရန်ရှိကြောင်း ဆိုသည်။

လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment