Wednesday 13 May 2015

အမေရိကန်နိုင်ငံသူကို အငှားယာဉ်မောင်းက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့မှုကြောင့် အငှားယာဉ်များကို စီမံချက်ဖြင့် စစ်ဆေး

ဗဟန်းမြို့နယ်ရှိ စားသောက်ဆိုင်မှ PARKROYAL ဟိုတယ်သို့ အငှားယာဉ်ဖြင့် ပြန်လာသည့် အမေရိကန် နိုင်ငံ သူတစ်ဦးကို အငှားယာဉ်မောင်းက အဓမ္မ ပြုကျင့်ရန် ကြံစည်ခဲ့သောကြောင့် ရန်ကုန် မြို့တော်တွင် အငှားယာဉ်များကို စီမံချက်ဖြင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရ သည်။

“အမေရိကန်သူက အရက်မူးပြီး ကားနောက်ခန်းမှာ အိပ်ပျော်ပြီး လိုက်ပါလာတာ။ ကားသမားက ဟိုတယ် ကို မပို့ဘဲ ဒဂုံဆိပ်ကမ်းဘက်ကို မောင်းပြီး လူရှင်းတဲ့နေရာမှ ကားရပ်ပြီး ဗလက္ကာရ လုပ်တာ။ အမေရိကန် သူက ရုန်းကန်ပြီး ကားပေါ်က ဆင်းပြေးခဲ့တယ်။ ဒါပေမယ့် ပိုက်ဆံအိတ်နဲ့ တန်ဖိုးကြီးပစ္စည်းတွေ ပါသွား ခဲ့တာ ခုထိ စုံစမ်းလို့မရသေးဘူး၊ ဒါကြောင့် အငှားယာဉ်တွေကို စီမံ ချက်နဲ့ စစ်ဆေးရေးတွေ မြို့နယ် အနှံ့မှာ ဆောင်ရွက်နေတာ” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဧပြီလကုန်ပိုင်းကလည်း ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်လာသည့် အသက် ၃၂ နှစ် အမျိုးသမီးတစ်ဦးမှာ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နား စခန်းဝင်းမှ ၎င်းနေထိုင် သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်သို့ အငှားယာဉ်ဖြင့် ပြန်လာစဉ် လမ်းခုလတ်အရောက် ယာဉ်မောင်းက လက်ဝတ် ရွှေထည်များနှင့် ငွေများ လုယက်ကာ ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး မောင်းနှင် ထွက်ပြေးခဲ့ကြောင်း အဆိုပါ အရာရှိက ရှင်းပြသည်။

“အမေရိကန်သူကို အဓမ္မပြုဖို့ ကြံစည်တဲ့ အငှားကားက ဆလွန်းကား အဖြူရောင်ဆိုတာပဲ သိရတယ်။ ကားနံပါတ်ကို အမေရိကန်သူက မမှတ်မိတာကြောင့် စုံစမ်းရခက်နေတယ်။ ဒါကြောင့် အခု စီမံချက်မှာ အငှားကားနဲ့ ကားသမားတွေကို တွဲလျက် ဓာတ်ပုံမှတ်တမ်းတွေ ယူနေတယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ စီမံချက်ဖြင့် စစ်ဆေးမှုကို မေလ ၉ ရက်နေ့မှစတင်ကာ မြို့နယ် ပေါင်းစုံရှိ လမ်းဆုံလမ်းခွများတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ည ၉ နာရီမှ ၁၂ နာရီ နှင့် နံနက် ၃ နာရီမှ ၆ နာရီအထိ အငှားယာဉ်များ အပါအဝင် အခြားယာဉ်များကိုပါ တားဆီး စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ခရီးသည်တွေကို အငှားကား တချို့က လုယက်မှုတွေ ကျူးလွန်လာတယ် ဆိုတာကို သတင်းစာတွေ ဂျာနယ်တွေထဲမှာ မကြာခဏ တွေ့တယ်။ ခရီးသည်တွေက ကားငှားမစီးခင် ကိုယ်စီးမယ့် ကားနံပါတ်နဲ့ ကားအမျိုးအစားကို မှတ်ထားသင့်ပြီး တစ်ယောက်တည်း ခရီးသွားတာဆို ကိုယ့်မိသားစုနဲ့ ဖုန်းဆက် သွယ်နေ သင့်တယ်” ဟု ရန်ကုန်မြို့ အတွင်း ညပိုင်း အငှားယာဉ်မောင်းသူ ဦးညွန့်မောင်က ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်ပေါ် လုယက်ခံရမှု အများစုမှာ အငှားယာဉ်ကို တစ်ဦးတည်း စီးနင်းသည့် အမျိုးသမီးများကို အဓိကထားလုယက် လေ့ရှိကြောင်း၊ ခရီးသည်များအနေနှင့် လိုက်ပါ စီးနင်းသည့် အငှားယာဉ်နှင့် ယာဉ်မောင်းကို အလွယ်တကူသတိပြု နိုင်စေရန် ယခင် အငှားယာဉ်များတွင် ထားရှိသည့် အငှားယာဉ်၏ ယာဉ်နံပါတ်၊ ယာဉ်မောင်းသူ၏ အမည်နှင့် နေရပ်လိပ်စာများကို ဖော်ပြ ထားသည့် ကိုယ်ရေး အချက်အလက်များကို အငှားယာဉ်များ တွင် ပြန်လည်ထားရှိရန် လိုအပ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment