Wednesday 13 May 2015

ကုမ္ပဏီရုံးခန်းအတွင်းမှ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ခိုးယူသွားသူကို ဖမ်းမိ

ဗိုလ်တထောင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခု၏ ရုံးခန်းမှ အမေရိကန်ဒေါ်လာ တစ်သိန်း ကျော် ခိုးယူသွားသူကို မေ ၁၁ ရက်၊ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေ ၅ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဗိုလ်တထောင် မြို့နယ်တွင် ဖွင့်လှစ်ထား သည့် ငါးဖမ်းသင်္ဘောလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုသို့ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် နေထိုင် သည့် အသက် ၃၀ အရွယ် ကိုအောင်ကိုလတ်က အလုပ်ရရှိရန် လာရောက်လူတွေ့ မေးမြန်းခံခဲ့သည်။

အဆိုပါ ကုမ္ပဏီ၏ ရုံးခန်းအတွင်း ကုမ္ပဏီပိုင်ရှင်နှင့် ကိုအောင်ကိုလတ်တို့ စကားပြောကြပြီး ကုမ္ပဏီပိုင်ရှင် က အပြင်သို့ခေတ္တထွက်ပြီး ရုံးခန်းသို့ ပြန်ရောက်ချိန်တွင် ကိုအောင်ကိုလတ်ကို မတွေ့ရဘဲ ရုံးခန်းအတွင်း စားပွဲပေါ်ရှိ ပလတ်စတစ်အိတ်အတွင်းမှ အမေရိကန်ဒေါ်လာ (၁၀၆၃၀၀) ပျောက်ဆုံးနေသဖြင့် အရေးယူ ပေးပါရန် တိုင်တန်းပြီး ဗိုလ်တထောင်မြို့မရဲစခန်းက (ပ) ၈၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့သည်။

ထိုသို့အမှုဖွင့်ပြီးနောက် မေ ၁၁ ရက်၊ ည ၁၀ နာရီကျော်တွင် ကိုအောင်ကိုလတ်ကို လှိုင်သာယာမြို့နယ် အတွင်းရှိ တည်းခိုခန်းတွင် ဖမ်းမိခဲ့ပြီး ၎င်းကို စစ်ဆေးရာ ဒေါ်လာများကို ခိုးယူ ရောင်းချ၍ မြေကွက်များ၊ ရွှေထည် ပစ္စည်းများနှင့် ကားဝယ်ယူထားသည်ကို သိရှိခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ကိုအောင်ကိုလတ်ထံမှ ၎င်းဝယ်ယူထားသည့် ပစ္စည်းများ၊ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ စုစုပေါင်းကျပ် ၇၃၅ သိန်းကျော်ဖိုး သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိသည့် သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင် ရေးနှင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment