Wednesday 13 May 2015

အရက်ဆိုင်များအားပိတ်သိမ်းပေးရန် သံတွဲဒေသခံအမျိုးသမီး ၃၀၀ ကျော် မြို့နယ်အုပ်ချုပ်ရေးမှူးထံ လာရောက်တောင်းဆို

အရက်ဆိုင်များပိတ်သိမ်းပေးရန် အမျိုးသမီးများက မြို့နယ် အုပ်ချုပ်ရေးမှူးထံ လာရောက်တောင်းဆို နေကြစဉ်။
သံတွဲမြို့နယ်အတွင်းရှိကျေးရွာများတွင် ဖွင့်လှစ်လျက်ရှိသည့် အရက်ဆိုင်များအား ပိတ်သိမ်းပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ဒေသခံ အမျိုးသမီး ၃၀၀ ကျော် လာရောက်တောင်းဆိုမှုတစ်ခု မေ ၁၁ရက် ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဒေသခံ ၃၀ဝကျော်မှာ ယင်းနေ့ နံနက် ၉နာရီအချိန်ကလာ ရောက်တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး အထူးသဖြင့် ဆင်ခေါင်းကျေးရွာ အုပ်စုနှင့် ကွေ့ချောင်းကျေးရွာအုပ်စုရှိ ကျေးရွာများတွင် လိုင်စင်မဲ့အရက် ဆိုင်နှင့် လိုင်စင်ရအရက်ဆိုင်နှစ်ခု စလုံးကို ပိတ်သိမ်းပေးရန်တောင်းဆို ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

''အဲဒီအရက်ဆိုင်တွေကြောင့် ကျေးရွာတွင်းမှာ လူကြီးလူငယ်မရွေး မူးရူးရမ်းကားပြီးတော့ အော်ဟစ်ဆဲ ဆိုလာကြတယ်။ အရွယ်မရောက် သေးတဲ့ကျောင်းသားလူငယ်တွေ အရက်သောက်စားပြီး ကျောင်းစာ တွေကို စိတ်ဝင်စားမှုမရှိတော့ဘူး။ ဆိုဆုံးမလို့လဲ မရတော့ဘူး''ဟု တောင်းဆိုရာတွင် ပါဝင်ခဲ့သည့် အ မျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင်ဒေသနေ မိန်းမပျို များအနေဖြင့် ရွာရှိသာရေး၊ နာရေး ကိစ္စအတွက် ညနေပိုင်းများတွင် ရွာထဲသို့ မထွက်ဝံ့ဖြစ်လာနေကြ ကြောင်းဒေသခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးက ယခုကိစ္စကို အသေအချာ စိစစ်ဆောင်ရွက်ကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
သံတွဲမြို့နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုမှ ကိုနီထွန်း အောင်က ''ဒီအရက်က ကျွန်တော် တို့ သံတွဲတစ်နယ်တည်းတောင်မ ဟုတ်ပါဘူး။ ရခိုင်တစ်ပြည်လုံး အ ရက်ကျွန်ဖြစ်နေကြတာပါ။ အစိုးရပိုင်းရဲ့ အားနည်းချက်ကြောင့်လဲ ပါတာပေါ့လေ။ ဒါတွေကို အရပ် ဘက်လူမှုအဖွဲ့အစည်းတွေက ပညာ ပေးအနေနဲ့ လိုက်လံဟောပြောတာ တွေလုပ်ပေးရမယ်။ အချိန်တော့ နည်းနည်းပေးရမယ်''ဟု ပြောသည်။

ယခုနောက်ပိုင်း ရခိုင်ပြည်နယ် သို့ အရက်အဆီနှင့်အရက်အတုများ တင်သွင်းနေမှုကလည်း ရခိုင်လူငယ် များအနေဖြင့် အရက်ကိုစွဲလမ်းစေသည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။

''အရက်အတုတွေနဲ့ စံချိန်မမီ အရက်တွေ ပြည်နယ်တွင်းမှာ ထုတ် လုပ်နေတာကိုလဲ ဥပဒေနဲ့အညီ ထိထိ ရောက်ရောက်အရေးယူပေးဖို့လိုတယ်''ဟုလည်း သံတွဲမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ဝင်ဆရာတော်တစ်ပါးကမှတ်ချက်ပြုသည်။

အရက်အတုများနှင့် အရက်အ ဆီများကို ရခိုင်ပြည်နယ်အတွင်း အလွယ်တကူသောက်သုံးနေကြသ ဖြင့် သောက်သုံးနေကြသူများမှာ သက်တမ်းမစေ့ဘဲ သေဆုံးမှုများရှိ လာခြင်း၊ ရူးသွပ်ခြင်း ဝေဒနာကိုခံ စားနေရ ခြင်း၊ မိသားစုဘဝများပျက် စီးပြိုကွဲနေရခြင်း၊ ပြည်နယ်တွင်းလူ ဦးရေတိုးပွားမှုမရှိဖြစ်လာခြင်း တို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်နယ်တွင်းရှိ အရက်ဆန့်ကျင် တိုက်ဖျက်ရေးအဖွဲ့၏စစ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။

GC
Democracytoday

No comments:

Post a Comment