Wednesday 13 May 2015

နိုင်ငံ့ဝန်ထမ်း လုပ်သက် ၆၃ နှစ်အထိထားမည့် ကောလာဟလ မမှန်ဟု ရာထူးဝန် ဥက္ကဋ္ဌ ပြော

နိုင်ငံ့ဝန်ထမ်းများအား အသက် ၆၀ အထိသာ ခန့်ထားခြင်းကို သုံးနှစ်တိုးပြီး ၆၃ နှစ်အထိ ခန့်အပ်မည်ဟု ကောလာဟလများ ထွက်ရှိနေရာ ထိုကောလာဟလသည် မမှန်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြောကြားသည်။

“နိုင်ငံ့ဝန်ထမ် နည်းဥပဒေ ၂၃၀ တွင် ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်သည် ယင်းဝန်ထမ်း အသက် ၆၀ နှစ် ပြည့်သည့် နေ့ရက်ဖြစ်သည်လို့ အတိအကျ သတ်မှတ်ထားပါတယ်။ ၆၃ နှစ်ပြည့်မှသာ သက်ပြည့်ပင်စင် သတ်မှတ်မည်ဖြစ်ကြောင်း သတင်းစကားသည် မှန်ကန်မှု မရှိပါ” ဟု လွှတ်တော်သို့ ပြောသည်။

အင်းတော်မြို့ နယ်အမတ် ဦးကျော်နိုင်ဌေး၏ “နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည် စဉ်ဆက်မပြတ် မြင့်မား နေစေရန် တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ အထက်တန်းကျောင်း ဆရာ ဆရာမများ၊ တရားရေး ဥပဒေရေးရာတို့ တွင် အတွေ့ အကြုံရှိ ဝန်ထမ်းများ တစ်စတစ်စ လျော့နည်းလာသည်ကို တွေ့ ရပါသဖြင့် အခြားနိုင်ငံများနည်းတူ နိုင်ငံတော်အကျိုးအတွက် ဝန်ထမ်းများ၏ သက်တမ်း တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ” ဟူသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဦးကျော်သူက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် အသက်ကို သတ်မှတ်ရာတွင် နိုင်ငံ၏ လူဦးရေ၊ လူဦးရေ တိုးနှုန်း၊ အသက် ၁၅ နှစ်မှ ၆၀ အတွင်းရှိ အလုပ်လုပ်နိုင်သည့် လူဦးရေ၊ စာတတ်မြောက်မှု၊ စီးပွားရေး တောင့်တင်းခိုင်မာမှု၊ နိုင်ငံ့ဝန်ထမ်းဖွဲ့ စည်းပုံနှင့် အင်အား၊ လူ့သက်တမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် အခြေခံအကြောင်းရင်းများကို ထောင့်စုံလေ့လာ သုံးသပ်ပြီး သတ်မှတ်ဆောင်ရွက်ရကြောင်းလည်း ၎င်းက ရှင်းပြသည်။

ထို့အပြင် “အာဆီယံ ဆယ်နိုင်ငံမှာ မြန်မာ အပါအဝင် ရှစ်နိုင်ငံဟာ ဝန်ထမ်း အငြိမ်းစားယူသည့် အသက်ကို ၆၀ နှစ် သတ်မှတ် ကျင့်သုံးနေပါတယ်၊ ဖွံ့ဖြိုးတိုးတက်နေသည့် တရုတ် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသည်ပင် အငြိမ်းစားယူသည့် အသက်ကို ၆၀ နှစ်ဟု သတ်မှတ်ကျင့်သုံးလျက်ရှိပါတယ်၊ မြန်မာနိုင်ငံအနေနဲ့ အငြိမ်းစားယူသည့် အသက်ကို လက်ရှိ ၆၀ နှစ်ထက် တိုးမြှင့် သတ်မှတ်မယ်ဆိုရင် ချို့ ယွင်းမှု ပြစ်ချက်တွေ မလွဲမသွေ ကြုံတွေ့ရနိုင်ပါတယ်” ဟု ရှင်းပြခဲ့သည်။

ရာထူးနေရာ ပိတ်ဆို့ မှု ဖြစ်ပေါ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုကျပ်တည်းလာနိုင်ခြင်း စသည်တို့  ပါဝင်သော ချို့ ယွင်းချက် ငါးချက်တို့ကို ၎င်းက ရည်ညွှန်းပြောဆို အကြောင်းပြခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်ပင်စင် ခံစားရမည့်အသက်ကို တိုးမြှင့်ပေးရန် လောလောဆယ်တွင် မသင့်လျော်ကြောင်း လွှတ်တော်သို့ ရှင်းပြခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment