Wednesday 13 May 2015

ကိုးကန့်သောင်းကျန်းသူများ အခိုင်အမာခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇၊ ပွိုင့်-၁၇၀၉ နှင့် ပွိုင့်-၁၇၄၂ တောင်ကုန်းများအား သိမ်းပိုက်ရရှိ

ကိုးကန့်သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသတို့အား တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် သောင်းကျန်းသူ များသည် အင်အားများပြိုကွဲကာ ဆုတ်ခွာထွက်ပြေးခဲ့ပြီး နယ်မြေကျဉ်းမြောင်းလာသဖြင့် ၎င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၁)မှ ဝင်ရောက်ပြီး မာလုရွှေကျေးရွာ၏ အရှေ့ဘက်ရှိ တောင်ကုန်းများတွင် အခိုင်အမာ အခြေပြု ခံစစ်ဆင်ရန် စီစဉ်လာခဲ့သည်။

ကိုးကန့်သောင်းကျန်းသူများ အခိုင်အမာအခြေပြုခံစစ်ဆင်ထားသော တောင်ကုန်း များအား တိုက်ခိုက် သိမ်းပိုက်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက ဧပြီလကုန်တွင် အင်အားများစုဖွဲ့ခဲ့ပြီး မေလ ပထမပတ်မှ စတင်၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ ကိုးကန့်သောင်းကျန်းသူ များက မြေအနေအထား အသာစီး ရယူကာ လက်နက်ကြီးများ၊ စက်သေနတ်ကြီးများ၊ စနိုက်ပါများ၊ လက်ပစ်ဗုံးများဖြင့် ပုံသေပစ်ကြောင်း ဆင်၍ ခုခံတိုက်ခိုက်ခဲ့သည်။ ကိုးကန့်သောင်းကျန်းသူများ၏ ခုခံတိုက်ခိုက်မှုများကို တပ်မတော်စစ်ကြောင်း များက ပစ်ကျင်းများတူး၍ အဆင့်ဆင့်ချဉ်းကပ်ထားပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ရယူကာ ရဲဝံ့စွန့်စားစွာဖြင့် လှံစွပ်ထိုးတိုက်ခိုက်၍ အနီးကပ် လုံးထွေးထိုးဖောက် ချေမှုန်းခဲ့သည်။

ထိုသို့ ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းကြောင့် မာလုရွှေကျေးရွာ အရှေ့ဘက်ရှိ ကိုးကန့်သောင်းကျန်း သူများ အခိုင်အမာခြေကုပ်ယူထားသော ပွိုင့်-၁၆၀၇ တောင်ကုန်းအား မေ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင်လည်းကောင်း၊ ပွိုင့်-၁၇၀၉ တောင်ကုန်းအား ည ၇ နာရီတွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်။ ဆက်လက်၍ သောင်းကျန်းသူများ အခိုင်အမာ အခြေပြုထားသော ပွိုင့်-၁၇၄၂ တောင်ကုန်းသို့ အောင်မြေချဲ့ထွင် တိုက်ခိုက်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီတွင် အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်။

ထို့ပြင် ဆုတ်ခွာထွက်ပြေးသွားသော ကိုးကန့်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်မကွာ လိုက်လံချေမှုန်းတိုက်ခိုက်လျက် ရှိသည်။

ဖြစ်စဉ်တွင် ကိုးကန့်သောင်းကျန်းသူများထံမှ အလောင်း ၇ လောင်း၊ အာရ်ပီဂျီ ၃ လက်၊ စက်လတ် ၂ လက်၊ အမ်(၂၂)သေနတ် ၆ လက်၊ ကေ(၁၂)သေနတ် ၁ လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ ၅၁၅၅ တောင့်၊ ဗုံးသီးမျိုးစုံ ၃၀ လုံး၊ မိုင်းမျိုးစုံ ၁၅ လုံး၊ လက်ပစ်ဗုံး ၆၇ လုံး၊ စက်လတ်ကျည် ခါးပတ်တွဲ ၃ တွဲ၊ အာရ်ပီဂျီပို့ကျည် ၉ တောင့်၊ ယမ်းထုပ် ၅ ထုပ်နှင့် ဆက်စပ် ပစ္စည်းများ၊ အသုံးဆောင် ပစ္စည်းများ၊ ဘန်ကာများ၊ ပစ်ကျင်းများ၊ သောင်းကျန်းသူ အင်အား ၁၀၀ ခန့် ခိုအောင်း နေထိုင်နိုင်သော မြေအောက်လှိုဏ်ခေါင်းများ သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှ စစ်သည် အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံများသို့ အမြန်ဆုံးပို့ဆောင်၍ ဆေးဝါးများကုသပေးလျက် ရှိသည်။

လောက်ကိုင်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် တပ်မတော် စစ်ကြောင်း များက အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စား စိတ်ဓာတ်ဖြင့် ဆုတ်ခွာသွားသော ကိုးကန့်သောင်းကျန်းသူများအား ရဲရဲတက် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment