Wednesday 13 May 2015

အပျော်မယား မဖြစ်စေရန်ဆိုကာ လူကုန်ကူး ပုဒ်မ ၂၆ ကို ပြစ်ဒဏ် ထပ်တိုးရန် လွှတ်တော်တင်

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/ ၂၀၀၅ ဖြစ်သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပါ ပုဒ်မ ၂၆ ရှိ ပြစ်ဒဏ်ကို “အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ်” ဟူ၍ ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းလိုကြောင်း၊ ပြင်ဆင်ရခြင်း အကြောင်းမှာ မြန်မာအမျိုးသမီးများကို အပျော်မယားအဖြစ်သို့ မရောက်စေလိုသောကြောင့်ဖြစ်ကြောင်း ပြင်ဆင်ချက် ဥပဒေကြမ်း တင်သွင်းသည့် သင်္ဃန်းကျွန်းမြို့ နယ် အမတ် ဦးသိန်းညွန့်က ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ ပြောသည်။

“လူဦးရေ ၅၂ သန်းရှိတဲ့ နိုင်ငံရဲ့ ဝန်းကျင်မှာ ဒီနိုင်ငံရဲ့ အမျိုးသမီးတွေကို အတင်းအဓမ္မ ထိမ်းမြားဖို့ လက်ထပ်ဖို့ ကြိုးစားနေတဲ့ ရင်းမြစ်နိုင်ငံမှာ လူပျိုတွေက နောက်ဆုံးရရှိတဲ့ စာရင်းတွေအရဆိုရင် လူပျိုသိုး ချည်းတင် သန်း ရှစ်ဆယ်လောက် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံက အမျိုးသမီး တွေ တစ်ဘက်နိုင်ငံရဲ့ အပျော်မယား ဘဝ၊ သို့မဟုတ် ဘုံမယား ဘဝ ရောက်သွားမယ့် အန္တရာယ်အတွက် စိုးရိမ်လို့ လွှတ်တော်မှာ တင်ပြသင့် တင်ပြထိုက်တာကို ကျွန်တော်တင်ပြခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော် သို့ ရှင်းပြသည်။

၂၀၁၃ ခုနှစ် မှာ လူကုန်ကူးမှု ၁၀၂ မှုဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးမှုက ၅၉ မှုရှိရာ အဓမ္မမွေးစားမှုက နှစ်မှု၊ လုပ်အားခိုင်းစေမှုကနှစ်မှုနှင့် ကျန် ၅၅ မှုက တရုတ် ဇနီးမယားအဖြစ် ရောင်းစားသည့်အမှုများ ဖြစ်ကြောင်း၊ လူဦးရေ ၅၂ သန်းသာ ရှိသည့် နိုင်ငံ၏ အမျိုးသား လုံခြုံရေးအတွက် အင်မတန် အရေးကြီးသည်ဟု ယူဆသဖြင့် ထိုလုပ်ရပ်များကို အဟန့်အတားဖြစ်စေရန် ပြစ်ဒဏ်များကို တိုးမြှင့်လိုခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ရရှိတဲ့ သတင်းတွေအရဆိုရင် မြန်မာအမျိုးသမီးတွေကို အတင်းအဓမ္မ လက်ထပ်ဖို့ ရှမ်းပြည် နယ် လောက်ကိုင်မှာ လာရောက် ဝယ်ယူတာတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်၊ ဒီအန္တရာယ်တွေ ကြောင့် မူလပြဋ္ဌာန်းထားတဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ အခန်း ၉၊ ပြစ်မှုနဲ့ ပြစ်ဒဏ်များမှာ ပြဋ္ဌာန်းထားတာတွေက တော်တော်များများ ပြည့်စုံလုံလောက်ပေမယ့် ပုဒ်မ ၂၆ က ပြစ်ဒဏ်နည်းနေလို့  အခုလို ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်” ဟု ဦးသိန်းညွန့်က ဆိုသည်။

ပုဒ်မ ၂၆ တွင် “အနည်းဆုံးထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟူသည့် စကားရပ်အစား “အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြင်ဆင်သည့် ဥပဒေကြမ်း အဖြစ် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ထိုပုဒ်မတွင် ပါဝင်သည့် လူကုန်ကူးမှုအတွက် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ၊ တံဆိပ် များ ပြုလုပ်ပေးခြင်းဟူ၍ ပါရှိရာ ဖမ်းမိသောအမှုများတွင် ဝန်ထမ်းအချို့က စာရွက်စာတမ်းနှင့် တံဆိပ် အတုများကိစ္စတွင် ပါဝင်ခဲ့ကြသဖြင့် ထိုလုပ်ရပ်များကို အဟန့်အတားဖြစ်စေလိုသောကြောင့် ပုဒ်မ ၂၆ ၏ ပြစ်ဒဏ်ကို တိုးရခြင်းဖြစ်သည်ဆို၏။

ဦးသိန်းညွန့်၏ ပြင်ဆင်ချက် ဥပဒေကြမ်းကို ဘားအံမြို့ နယ်အမတ် ဒေါ်နန်းစေးအွာက ထောက်ခံခဲ့သော် လည်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပုဒ်မ ၂၆ ပြဋ္ဌာန်းချက်သည် လက်ရှိအခြေအနေနှင့် ကိုက်ညီနေဆဲဖြစ်ခြင်း၊ ပြစ်မှု ပြစ်ဒဏ်အခန်းရှိ ပုဒ်မ ၂၄ နှင့် ၂၅ တို့တွင် လုံလောက်သော ပြစ်ဒဏ်များပါရှိပြီး ဖြစ်ခြင်း၊ ထို လူကုန်ကူး ဥပဒေ တစ်ရပ်လုံးရှိ ခေတ်နှင့် မညီသော ပုဒ်မများကို ပြင်ဆင်ရန် အစီအစဉ် ရှိပြီး ဖြစ်ခြင်း တို့ကြောင့် ပုဒ်မ ၂၆ ကို လောလောဆယ်တွင် ပြင်ဆင် ရန် မလိုအပ်ကြောင်း လွှတ်တော်သို့ ရှင်းပြခဲ့သည်။

အဆိုပါ ရှင်းပြချက်ကို ဦးသိန်းညွန့်က လက်ခံခဲ့ပြီး ပြင်ဆင်ချက်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က မှတ် တမ်းတင် ထားပေးရန် လွှတ်တော် ဥက္ကဋ္ဌ အား ပန်ကြားခဲ့ပြီး လွှတ်တော်က မကန့်ကွက်သဖြင့် လူကုန်ကူး ဥပဒေ ပုဒ်မ ၂၆ ပြင်ဆင်မှုကို မှတ်တမ်းတင်ခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment