Wednesday 13 May 2015

ဟိုတယ် စီမံကိန်းနယ်မြေများ အနီးရှိ ဒေသခံများအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများ ဆွစ်ဖောင်းဒေးရှင်းက အခမဲ့ပေးမည်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ဆီဒိုနားဟိုတယ်အနီးရှိ ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောက်လုပ် လျက်ရှိသည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်နှင့် ကွန်ဒိုအဆောက်အအုံ ဆောက်လုပ်ပြီးစီးနေမှုကို ၂၆ ရက် ဇန်န၀ါရီလ ၂၀၁၅ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ဆွစ်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖောင်းဒေးရှင်း (Swiss Contact) က မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်လျက်ရှိသည့် ဟိုတယ်စီမံကိန်းနယ်မြေများရှိ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးမှု သင်တန်းများ အခမဲ့ပေးသွားမည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေး သင်တန်းကျောင်းများ ဖွင့်လှစ်ရေး အစီအစဉ်ကို ဆွစ်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖောင်းဒေးရှင် Swiss Contact နှင့် ဟိုတယ်/ခရီး ၀န်ကြီးဌာန တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

သင်တန်းများ တက်ရောက်ရန် လက်လှမ်းမမီသည့်  စီမံကိန်းဒေသများရှိ  ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဧည့်ဝန်ဆောင်မှု လုပ်ငန်းများတွင် လူ့အရင်းအမြစ်ဖွံ့ဖြိုးစေရန် သင်တန်းများ ပေးသွားမည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် ဒေသခံပြည်သူများ အခွင့်အလမ်း ရရှိစေရန် အတွက် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဟိုတယ်လုပ်ငန်းဆိုင်ရာ အသက်မွေးသင်တန်းများကို ဖွင့်လှစ် ပေးသွား မည်ဖြစ်ပြီး ပထမအကြိမ် ဧည့်ဝန်ဆောင်မှုလုပ်ငန်း သင်တန်းကို နေပြည်တော်တွင်  မေ ၁၁ ရက်၌ စတင် ဖွင့်လှစ် ခဲ့ရာ သင်တန်းသား ၉၀ ဦးခန့် ရှိသည်။

သင်တန်းကာလ ရက်သတ္တပတ် ၇ ပတ် ကြာမြင့်မည်ဖြစ်ပြီး ကျန်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဟိုတယ်စီမံကိန်းဧရိယာမှ ဒေသခံများကိုလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေး သင်တန်းကျောင်း များ ဆက်လက်ပေးသွားမည်ဖြစ်သည်။

အဆိုပါ ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးသင်တန်းများသည် ဟိုတယ်လုပ်ငန်းအတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရန်အပြင် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက် အတွက်လည်း အထောက်အကူ ဖြစ်စေမည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် ခရီးသွား လုပ်ငန်းကဏ္ဍသည် တိုးတက်မှုမြန်ဆန်သည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံ၏ အရေးပါသည့် စီးပွားရေးလုပ်ငန်းကဏ္ဍ ၇ မျိုးတွင် တစ်ခု အပါအ၀င်လည်း ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment