Wednesday 13 May 2015

ကေအိုင်အေ ဒုတပ်ကြပ်တစ်ဦး တပ်မတော်သို့ အလင်းဝင်ဟုဆို

ကေအိုင်အေအဖွဲ့မှ ဒု တပ်ကြပ်အဆင့်ရှိသူ အမျိုးသားတစ်ဦး ဖားကန့် အခြေစိုက် အစိုးရတပ်မတော်ဘက် သို့ လက်နက်မဲ့အလင်းဝင်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၀ ရက်က ဖားကန့်မြို့နယ် မှော်ဝန်းရပ်ကွက် မှော်မောင်းကုန်းအနီးတွင် အခြေစိုက်ထားသည့် ခလရ (၁၀၂)ထံသို့ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ၎င်းမှာ ကေအိုင်အေ တပ်ရင်း(၅)မှ ဒုတပ်ကြပ်တစ်ဦးဖြစ်ကာ တပ်မတော်သို့ အလင်းဝင်လာသည်ဟု ပြောကြားခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းအမျိုးသားမှာ ကချင်ပြည်နယ်ဇာတိဖြစ်ပြီး လက်ရှိတွင် ဖားကန့်အခြေစိုက် အစိုးရတပ်မတော် စကခ(၇)က ခေါ်ယူထားကြောင်း သတင်းရရှိသည်။

ယင်းသတင်းနှင့်ပတ်သက်၍ ကေအိုင်အိုအလုပ်အမှုဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးထံသို့ ဆက်သွယ်ခဲ့သော်လည်းဖုန်းအဆက်အသွယ်မရခဲ့ပေ။

ယခုရက်ပိုင်းတွင် ကချင်ပြည်နယ် မိုင်းကိုးမြို့နယ်အတွင်း၌ အစိုးရတပ်မတော်နှင့် ကေအိုင်အေ တို့တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment