Sunday 26 April 2015

အာမေးနီးယား ၁ ဒသမ ၅ သန်း သတ်ဖြတ်ခံရခြင်း နှစ်တစ်ရာပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်

၁၉၁၅ ခုနှစ်တွင်း အာမေးနီးယား ၁ ဒသမ ၅ သန်းကို အော်တိုမန်တာ့ခ်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ယင်းဖြစ်ရပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်နေ့ကို အာမေးနီးယားနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ပြုလုပ်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာမေးနီးယားမြို့တော် ယီယာဗန်တွင် ပြုလုပ်သည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲသို့ ပြင်သစ်နှင့် ရုရှားသမ္မတများ တက်ရောက်ရှိလျက်ရှိသည်။

အဆိုပါဖြစ်ရပ်ကို လူမျိုးတုန်း သတ်ဖြတ်မှုဟု ခေါ်ဝေါ်နေခြင်းကို တူရကီနိုင်ငံ (အော်တိုမန် အင်ပါယာကို ဆက်ခံသည့်နိုင်ငံ) က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး သေဆုံးသည့် အရေအတွက်နှင့် ပတ်သက်၍လည်း အာမေးနီးယားနှင့်တူရကီအကြား အငြင်းပွားလျက်ရှိသည်။

ရက်ရက်စက်စက် သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ကြောင်းကို တူရကီက လက်ခံထားသော်လည်း ခရစ်ယာန်အာမေးနီးယား ပြည်သူများကို သတ်ဖြတ်ရန် မွတ်ဆလင်တာ့ခ်များက စနှစ်တကျစီစဉ်ခဲ့ခြင်း မရှိကြောင်း၊ အပြစ်မဲ့မွတ်ဆလင် များစွာလည်း စစ်ပွဲကာလအတွင်း သေဆုံးခဲ့ကြာင်း တူရကီက ထုတ်ပြန်ထားသည်။

“နှစ်ပေါင်း ၁၀၀ ပြီးတဲ့နောက်လည်း မမေ့သေးကြောင်း ဖော်ပြဖို့၊ လူသားဂုဏ်သားဂုဏ်ရည်ကို တန်ဖိုးထားကြောင်း ဖော်ပြဖို့ ဒီကိုရောက်လာတဲ့သူတွေကို ကျေးဇူးတင်ပါတယ်” ဟု အာမေးနီးယားသမ္မတ ဆာရန်က ပြောကြားသည်။

ပြင်သစ်နိုင်ငံက အဆိုပါဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုဟု သတ်ဖြတ်ထားပြီး အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို မေ့ပျောက်မည် မဟုတ်ကြောင်း လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုသူများကို အပြစ်ပေးနိုင်ရေးဥပဒေပြုရန် ပြင်သစ်သမ္မတ ဟော်လန် ကြိုးပမ်းလျက်ရှိသည်။

အမေရိကန်သမ္မတ အိုဘားမားကလည်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ စကားလုံး အသုံးအနှုန်း သေချာရွေးချယ်ထားသည့် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး “၂၀ ရာစုအတွင်း အဆိုးရွားဆုံးသော ရက်စက်မှုကြီးတစ်ခု” ဟုသာ ဖော်ပြထားပြီး လူမျိုးတုံးသတ်ဖြတ်မှုဟု သုံးနှုန်းခြင်း မရှိပေ။

အဆိုပါဖြစ်ရပ်ကို လူတုန်းသတ်ဖြတ်မှု အဖြစ် အသိအမှတ်ပြုမည်ဟု ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ကာလတွင် အိုဘားမားက ကတိပြုခဲ့သော်လည်း ယခုအခါ ရက်ရက်စက်စက် သတ်ဖြတ်မှုအဖြစ်သာ ဖော်ပြထားသဖြင့် အာမေးနီးယား အမေရိကန် မဲဆန္ဒရှင်များက ဒေါသထွက်လျက်ရှိသည်။

အော်တိုမန်အင်ပါယာ ပြိုကွဲလျက်ရှိသည့် ၁၉၁၅ ခုနှစ်အတွင်း အော်တိုမန် အုပ်စိုးမှုအောက် ရောက်ရှိလျက်ရှိသည့် အာမေးနီးယား သိန်းနှင့်ချီ သေဆုံးခဲ့ရသည်။

အများစုမှာ သဲကန္တရာရဒေသသို့ ပြောင်းရွေ့ခံရခြင်းကြောင့် အစာရေစာ ငတ်ပြတ်သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကာ စုစုပေါင်း ၁ ဒသမ ၅ သန်းကျော် သေဆုံးခဲ့သည်ဟု အာမေးနီးယားများက ပြောကြားလျက် ရှိသော်လည်း အမှန်တကယ် သေဆုံးသည့် ပမာဏမှာ ယင်းထက်နည်းသည်ဟု တူရကီက တုံ့ပြန်ထားသည်။

ပြင်သစ်၊ ဂျာမနီ၊ ကနေဒါ၊ ရုရှားနှင့် အခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ယင်းဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်ထားသော်လည်း ယင်းအသုံးအနှုန်းကို တူရကီက ငြင်းပယ်ထားသည်။

The Voice Weekly 

No comments:

Post a Comment