Sunday 26 April 2015

လျှပ်စစ်တာဝါတိုင် ထောင်ရာတွင် သီးနှံလျော်ကြေးမပေးက မြေမညှိရန် လယ်သမားများ တားဆီး

လျှပ်စစ်ဝန်ကြီးဌာနက တာဝါတိုင်များ ထောင်မည့် မြေနေရာများတွင် နစ်နာကြေးပေးမည်ဟု ပြောဆိုထားပြီး မပေးဘဲ တိုင်စိုက်ရန် မြေလာညှိနေ၍ မြေညှိစက်များ ဆက်လက်မဆောင်ရွက်နိုင်စေရန် မြေပိုင်ရှင်များက တားဆီးလျက်ရှိသည်။

“ကျွန်တော်တို့ကတော့ မြေလျော်ကြေးကော သီးနှံနစ်နာကြေးကော မပေးရင် ဆက်လုပ်ခွင့် မပြုဘူး။ လာလုပ်တဲ့သူတွေကို ရန်လည်း မမူပါဘူး” ဟု ရေနီသစ်တောကြိုးဝိုင်းမှ ဦးမြင့်ကြိုင်က မဇ္ဈိမကို ပြောသည်။

နေပြည်တော်ကောင်စီ လယ်ဝေးမြို့နယ်ရှိ ရေနီ သစ်တောကြိုးဝိုင်းအတွင်းရှိ လယ်သမား ၁၆ ဦး၏ လယ်မြေများပေါ်တွင် မြေညှိစက်များဖြင့် ဆောင်ရွက်နေမှုကို လယ်သမားများက တားဆီးနေခြင်း ဖြစ်သည်။

အဆိုပါ မြေနေရာများအတွက် လျှပ်စစ်ဝန်ကြီးဌာန ပဲတစ်တင်းလျှင် ကျပ် လေးသောင်း၊  နှမ်းတစ်တင်းလျှင် ကျပ် လေးသောင်း သီးနှံလျော်ကြေးပေးရန် လယ်သမားများနှင့် သဘောတူညီခဲ့သော်လည်း နစ်နာကြေးမပေးဘဲ လာရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဒေသခံလယ်သမားများက ပြောသည်။

“နစ်နာကြေး ပေးမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျွန်တော်တို့ကလည်း နစ်နာကြေး ပေးမယ်ဆိုရင် လုပ်ပေါ့ဆိုပြီး ခွင့်ပြုလိုက်တာ။ ခုက နစ်နာကြေးတစ်ကျပ်မှ မပေးရသေးဘူး လာလုပ်တာ” ဟု လယ်ပိုင်ရှင် ဦးတိုးဇော်က ပြောသည်။

လျှပ်စစ်တာဝါတိုင် တစ်တိုင်လျှင် ပေတစ်ရာ အကျယ်ရှိ မြေနေရာကို အသုံးပြုမည်ဟု လယ်သမား များက ဆိုသည်။ သီးနှံလျော်ကြေးများပေးရန် ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးဌာနက လယ်သမားများနှင့် ညှိနှိုင်းသဘောတူညီထားသော်လည်း ယခုအချိန်ထိ ပေးလျှော်ခြင်း မရှိသေးဟု ၎င်းတို့က ဆိုသည်။ 

အဆိုပါကိစ္စကို လျှပ်စစ်ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ“ သီးနှံလျှော်ကြေးပေးဖို့ အဆင်သင့် ဆောင်ရွက်ထားပါပြီ။ ဒီလ ၃၀ ရက် မတိုင်ခင်ပေးနိုင်ဖို့ ငွေတွေလည်း ထုတ်ထားပြီးပါပြီ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရှေ့မှာ ပေးပြီး မှတ်တမ်းတွေ ယူမှာပါ။ အဲဒါကြောင့် နည်းနည်း ကြာသွားတာပါ” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ လက်ထောက်အင်ဂျင်နီယာမှူး ဦးနေနေက မဇ္ဈိမကို ပြောသည်။

အဆိုပါ လယ်သမားများအပြင် တောင်ငူမြို့နယ်၊ ဒက္ခိဏမြို့နယ်၊ လယ်ဝေးမြို့နယ်ရှိ လျှပ်စစ်တာဝါတိုင် ထောင်မည့် လယ်ယာမြေများအတွက်လည်း သီးနှံလျှော်ကြေးပေးမည်ဟု ဆိုသည်။ တာဝါတိုင်များ စိုက်ပြီးပါက သီးနှံများ ပြန်စိုက်နိုင်သည့်အတွက် မြေယာလျော်ကြေးအဖြစ် ပေးဆောင်ရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

Mizzima - News in Burmese 

No comments:

Post a Comment