Sunday 26 April 2015

ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်း ဆရာ၊ ဆရာမ အတွက် ဆရာဖြစ်လက်မှတ် လျှောက်ထားသူ ၈၅၅ ဦးရှိ

ရန်ကုန်တိုင်းရှိ ကိုယ်ပိုင်ကျောင်းများတွင်  ဆရာ၊ ဆရာမ ပြုလုပ်ရန် ဆရာဖြစ်လက်မှတ် အစိမ်းရောင်ကတ် လျှောက်ထားသူ ၈၅၅ ဦးရှိသည်ဟု အမှတ် ၃ အခြေခံပညာ ဦးစီးဌာနမှ ညွန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက ပြောသည်။

အဆိုပါ လျှောက်ထားသူများကို အမှတ် ၃ အခြေခံပညာဦးစီးဌာနတွင် အဖွဲ့ ၆ ဖွဲ့ဖြင့် မေလ ၅ ရက်တွင် တွေ့ဆုံမေးမြန်းမည် ဖြစ်သည်။ ၎င်းလျှောက်ထားသူများသည် ပညာရေးနှင့်ပတ်သက်သည့် ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်၊ မဟာတန်းနှင့်အထက် ဘွဲ့လက်မှတ်၊ အသက်မွေးဝမ်းကျောင်း တစ်ခုခုမှ ရရှိသည့် ဘွဲ့လက်မှတ်တို့ဖြင့် လျှောက်ထားနိုင်ခြင်း ဖြစ်သည်။

ဒေါ်စန်းစန်းရီက ''သူတို့ရဲ ဘွဲ့လက်မှတ်တွေကို မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်တယ်။ ပညာရေးဌာနရဲ့ သဘောက ပညာရေးဌာနမှာ ဆရာမ လုပ်မယ့်သူတစ်ယောက်က ကိုယ်လက်အင်္ဂါ ပြည့်စုံရမယ်။ လျှောက်တဲ့သူက ဆရာ၊ ဆရာမ ဖြစ်ထိုက်တဲ့ ရုပ်ရည်ရူပကာ ရှိဖို့ကို ကြည့်တာ ဖြစ်တယ်''ဟု ပြောသည်။    

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ကိုယ်ပိုင်ကျောင်းဆိုင်ရာ ဥပဒေ ပေါ်ထွက်လာပြီးနောက် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ ကိုယ်ပိုင်ကျောင်းများကို ဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုထားခြင်း ဖြစ်သည်။ ကိုယ်ပိုင်ကျောင်းပိုင်ရှင်ကသာ ဆရာ၊ ဆရာမများကို ရွေးချယ်ခန့်ထားခြင်း ဖြစ်သည်။ ကိုယ်ပိုင်ကျောင်းမှ ဆရာ၊ ဆရာမများထံတွင် ဆရာဖြစ်လက်မှတ် အစိမ်းရောင်ကတ် ရှိရမည် ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ကိုယ်ပိုင်ကျောင်း လျှောက်ထားသည့် အစောင်ရေ ၁၀၀ ရှိသည်ဟု ၎င်းက ဆိုသည်။ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် တစ်နှစ်တစ်ကြိမ် လျှောက်လွှာတင်ရခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment