Sunday 26 April 2015

ကော့ကရိတ်-ဘားအံ-မော်လမြိုင်လမ်း အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရက ဘတ် သန်း ၁၀၀၀ ထောက်ပံ့မည်ဟုဆို

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကော့ကရိတ်-ဘားအံ-မော်လမြိုင် အာဆီယံ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကို အဆင့်မြှင့်တင်မှု ပြုလုပ်ရန် ထိုင်းအစိုးရက ဘတ်သန်း ၁၀၀၀ ထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံရှိ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဧပြီလ ၂၂ ရက်နေ့က ကျင်းပပြုသော အာဆီယံ သတင်းထောက်များ တွေ့ဆုံပွဲတွင် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“လမ်းပိုင်းအတွက် လိုအပ်တဲ့ ကျောက်တွေ၊ သဲတွေ စုဆောင်းပြီးနေပါပြီ။ နှစ်နိုင်ငံ ညီအစ်မမြို့ကို ချစ်ချစ်ခင်ခင်နဲ့ နှစ်ဖက်စလုံး တိုးတက်အောင် ကူညီဆောင်ရွက်သွားပါမယ်။ ဟိုဘက်ဒီဘက် ညီအစ်မမြို့ နှစ်မြို့အတွက် ဂေါက်ကွင်းကိုလည်း တည်ဆောက်ပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။

မြဝတီ-ကော့ကရိတ် ဒေါနတောင်တန်းကြားရှိ အာရှလမ်းသစ်ကိုလည်း See Sang Karn Yatah (၁၉၇၉) ကုမ္ပဏီက ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ဖောက်လုပ်လျက်ရှိရာ လက်ရှိအချိန်၌ ကော့ကရိတ်-ဘားအံ-မော်လမြိုင်လမ်းပိုင်း အဆင့်မြှင့်တင်ရန် ထိုင်းအစိုးရက အစီအစဉ် ရှိနေခြင်းလည်း ဖြစ်သည်။

မြဝတီ-ကော့ကရိတ် တောင်ကြားလမ်းကို See Sang Karn Yatah (၁၉၇၉) ကုမ္ပဏီက ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အပြီး တည်ဆောက်ရမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ စာချုပ်ပါ အချက်များအရ သိရသည်။

မြတ်ကို (ဒေါနမြေ)
The Voice Weekly 

No comments:

Post a Comment