Sunday 26 April 2015

ဓာတ်တိုင်ပေါ်တက်ပြီး ဝါးပင်ရှင်းသည့် လျှပ်စစ်ဝန်ထမ်း တစ်ဦး ဓာတ်လိုက် သေဆုံး

ဓာတ်တိုင်ပေါ်သို့ တက်ပြီး ဓာတ်ကြိုးနှင့် မလွတ်သည့် ၀ါးပင်များ တက်ရှင်းသည့် လျှပ်စစ်ဝန်ထမ်း တစ်ဦး ဓာတ်လိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်က မှော်ဘီမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ စက်တန်းလမ်းတွင် နေထိုင်သည့် မှော်ဘီမြို့နယ် လျှပ်စစ်အုပ်ချုပ်ရေးမှူးရုံးမှ အသက် ၂၃ နှစ်အရွယ် လျှပ်စစ်ဝန်ထမ်း (ကျွမ်းကျင်အဆင့် ၄) တစ်ဦးဖြစ်သူ ကိုကျော်ရဲမင်းသည် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာ၊ မြို့ရှောင်လမ်းရှိ မွေးမြူရေး အစာစက်ရုံဝင်းအတွင်း မီးတိုင်ဓာတ်ကြိုးများနှင့် ဝါးရုံပင်များ မလွတ်သဖြင့် ဓာတ်တိုင်ပေါ်တက်၍ ရှင်းလင်းခဲ့သည်။

ကိုကျော်ရဲမင်းသည် ဓာတ်တိုင်မီးကြိုးပေါ်သို့ ကိုင်းကျနေသည့် ၀ါးပင်များကို ခုတ်ရန် ဓာတ်တိုင်အမြင့် ၁၀ ပေခန့်ပေါ်သို့ တက်ရောက်ပြီး လျှပ်စစ်စီးဝင်နေသည့် ဓာတ်ကြိုးကို ကိုင်မိသဖြင့် ဓာတ်လိုက်ကာ အောက်သို့ ပြုတ်ကျပြီး မှော်ဘီဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် မှော်ဘီမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၅ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment