Sunday 26 April 2015

သက်တမ်း ကုန်တော့မည့် ကျောက်မျက် လုပ်ကွက်များကို တင်ဒါ ထပ်မံခေါ်ယူကာ အဆိုပြုလွှာ အာမခံ စပေါ်ကြေး ကျပ်ငွေ ၁၀ သိန်း သတ်မှတ်

ယခု ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးမည့် မိုးကုတ်မြို့နှင့် မှိုင်းရှူးမြို့နယ်များမှ ကျောက်မျက် လုပ်ကွက်များအတွက် လုပ်ကိုင်ခွင့် တင်ဒါခေါ်ရာတွင် အဆိုပြုလွှာ အာမခံစပေါ်ငွေကို ကျပ်ငွေ ၁၀ သိန်း သတ်မှတ်ဆောင်ရွက်သွားမည်ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး ၊ စစ် ဆေးနှင့် ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။

ယခုနှစ်အတွင်း လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးမည့် ကျောက်မျက်လုပ်ကွက်များအတွက် လုပ်ကိုင်ခွင့် တင်ဒါ အဆိုပြုလွှာ တင်သူများသည် လုပ်ကွက်တစ်ခုအတွက် အဆိုပြုလွှာကို ကျပ်ငွေ ဆယ်သိန်း ပေးသွင်း အဆိုပြုရန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပြုလွှာ ခေါ်ယူသည့် ကျောက်မျက်လုပ်ကွက်များတွင် မိုးကုတ်မြို့နှင့် မှိုင်းရှူးမြိုနယ်များအတွင်းရှိ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်းနယ်မြေများနှင့် နန့်ယားဆိပ်ဒေသများမှ လုပ်ကွက်များ ဖြစ်သည်ဟု ဖော်ပြပါရှိ သည်။

ထိုကဲ့သို့ လုပ်ကိုင်ခွင့်ပေးရာတွင် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပြုလွှာများ ကို ယခု ၂၀၁၅ ခုနှစ် ၊ ဧပြီလ ၂၇ ရက် မှစ၍ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမည်ပျက်စာရင်း ( Black List) သွင်းခံထားရသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို အဆိုပြုလွှာ ခွင့်ပြုပေးမည်မဟုတ်ဟု လည်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၎င်းမြို့နယ်များရှိ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်းနယ်မြေများနှင့် နန့်ယားဆိပ်ဒေသတို့တွင် လုပ်ကိုင်ခွင့် ပေးခဲ့သော ရတနာလုပ်ကွက်များသည် ၂၀၁၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လများတွင် သက်တမ်းကုန်ဆုံးမည် ဖြစ် သော်လည်း ၂၀၁၂ခုနှစ်၊ မေလမှစတင်ကာ လုပ်ငန်းရပ်နားခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ရပ်နားကာလများ အတွက် သက်တမ်းတိုး ထပ်မံလုပ်ကိုင်ခွင့်ပေးခဲ့သည့် လုပ်ကွက်များသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ လုပ်ကိုင်ခွင့် တင်ဒါထပ်မံခေါ်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ တင်ဒါ လက်ခံခြင်းကိုလည်း ရန်ကုန်မြို့ရှိ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းနှင့် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်များသို့ တင်သွင်းရမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကျောက်မျက်လုပ်ကိုင်ရာ၌ ကျောက်မျက်အကြမ်းထည် ထုတ်လုပ်ကုန်သွယ်မှုများ အတွက် ကုန်သွယ်လုပ်ငန်းခွန်ကို ၁၅ ရာခိုင်နှုန်းနှင့် အချောထည်များအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံသွားရန် ၂၀၁၅ ခုနှစ် အခွန်အကောက်တွင် ပြဋ္ဌာန်းထားသည်။

၂၀၁၄ ခုနှစ် အခွန်အကောက်ဥပဒေတွင်မူ ကျောက်မျက်အကြမ်းထည် ထုတ်လုပ် ကုန်သွယ်မှုများ အတွက် ကုန်သွယ်လုပ်ငန်းခွန်ကို ၃၀ ရာခိုင်နှုန်းနှင့် ကျောက်မျက် အချောထည် ထုတ်ကုန်များအတွက် ၁၀ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment