Sunday 26 April 2015

စစ်ဘေးရှောင် ၄၀၀ ကျော်ကို ကျောက်တော် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ စားနပ်ရိက္ခာများ ထောက်ပံ့

ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဒုက္ခရောက်နေသည့် ဒေသခံ ၄၀၇ ဦးအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း ကျောက်တော်မြို့ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ဝင်းက ပြောကြား သည်။

“ကူညီဖို့သွားတဲ့အထဲမှာ အစိုးရဘက်က လုံခြုံရေးငါးဦးနဲ့ ကျွန်တော်တို့အဖွဲ့က ကျွန်တော်အပါအဝင် သုံးဦးပါတယ်” ဟု ၎င်းကဆိုသည်။

ကျောက်တော်လူမှုကူညီရေးအဖွဲ့က စစ်ဘေးရှောင် ဒုက္ခသည် ၄၀၇ ဦးအတွက် ကျပ်ကိုးသိန်းခန့် တန်ဖိုးရှိ ဆန် ၃၂ အိတ်၊ အာလူးပိဿာ ၂၅၀ နှင့် ငါးခြောက်၊ ငါးပိ၊ ဆား၊ စားသုံးဆီ၊ ခေါက်ဆွဲ စသည့် ပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

စစ်ဘေးရှောင် ဒုက္ခသည်များ ခိုလှုံနေသော စပါးဆိပ်ကျေးရွာသည် ကျောက်တော်မြို့မှ စက်လှေဖြင့် အချိန်သုံးနာရီခန့် သွားရသည်ဟု ဦးဇော်ဝင်းက ပြောဆိုသည်။

တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့သည် ဧပြီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ဘေးရှောင်သူများကို ကျောက်တော်လူမှုကူညီရေးအဖွဲ့က ထောက်ပံ့နိုင်ရန် ဧပြီလ ၂၁ ရက်နေ့က ကြိုးစားခဲ့သော်လည်း အစိုးရက ခွင့်မပြုသောကြောင့် ဧပြီလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံတောင်းဆိုခဲ့၍ ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့တွင် ပါဝင်သည့် ဒေါ်လှမေက ရှင်းပြသည်။

တိုက်ပွဲဖြစ်ပွားသော နေရာသည် ကျောက်တော်မြို့နှင့် ၁၈ မိုင်ကျော် ကွာဝေးပြီး ဘင်ချောင်း၊ ကုလားကျ၊ ပင်လုံ၊ အောင်လံချောင်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင်သူများသည် အဆိုပါ ကျေးရွာများနှင့် တစ်မိုင်ကျော် ကွာဝေးသော စပါးဆိပ်ကျေးရွာရှိ စာသင်ကျောင်းများတွင် ခိုလှုံနေကြရကြောင်း ၎င်းကဆိုသည်။

ကျောက်တော်မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေမှာ အချိန်ကြာမြင့်နိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ်ထားကြောင်း၊ ယင်းကြောင့် ဧပြီလ ၂၃ နှင့် ၂၄ ရက်တို့က စစ်ဘေးရှောင် ဒုက္ခသည်များ ထောက်ပံ့ကူညီရေး ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း စစ်တွေလူမှုအဖွဲ့အစည်းများထံမှ သိရသည်။

(ခင်မောင်အေး)
The Voice Weekly 

No comments:

Post a Comment