Sunday 26 April 2015

မြန်မာနိုင်ငံမြောက်ပိုင်းရှိပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းရာတွင် တရုတ်နိုင်ငံမှ ကြားဝင်ဆောင်ရွက်ပေးမည်ဟု တရုတ်သမ္မတပြောဆို

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို နိုင်ငံရေးအရဖြေရှင်းရာတွင် တရုတ်နိုင်ငံမှ ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု တရုတ် သမ္မတ ရှီကျင့်ပင်က နိုင်ငံတော်သမ္မတဦးသိန်း စိန်နှင့် တွေ့ဆုံရာတွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပ သည့် အာရှအာဖရိကထိပ်သီးအစည်းအဝေး သို့တက်ရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ မစ္စတာရှီကျင့် ပင်တို့သည် ဧပြီ၂၂ရက်က တွေ့ဆုံခဲ့ကြပြီး ယင်းသို့သီးသန့်တွေ့ဆုံရာတွင် တရုတ်သမ္မ တက ကြားဝင် ဆောင်ရွက်ပေးသွားမည့်အ ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆင် ဟွာသတင်းဌာနက ဖော်ပြသည်။ 

သမ္မတဦးသိန်းစိန်ကမူ အစိုးရ အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို အကောင်အ ထည်ဖော်နေပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးနေစဉ်အတွင်း ဒေသတွင်း ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင် ရွက်သွားနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

သမ္မတဦးသိန်းစိန်အစိုးရ တက် လာပြီးနောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားခဲ့ သည့် တိုက်ပွဲအများစုမှာ မြန်မာနိုင်ငံမြောက် ပိုင်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုးကန့်တိုက်ပွဲများအတွင်း တ ရုတ်နိုင်ငံဘက်သို့ ကျော်လွန်၍ ဗုံးဆန်များ ကျရောက်ပေါက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်း အနာ ဂတ်ကာလတွင် ချစ်ကြည်ရင်းနှီးစွာဖြင့် အ လားတူဖြစ်ရပ်များ ထပ်မံပေါ်ပေါက်မှုမရှိ စေရန် ကာကွယ်ဆောင်ရွက်သွားမည်ဟု ဆွေး နွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ၏ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဦးရဲ ထွဋ်က ပြောကြောင်း ဆဲဗင်းဒေးနေ့စဉ်သ တင်းစာက ဖော်ပြသည်။

နိုင်ငံပိုင်သတင်းစာများတွင် ငြိမ်း ချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေး နွေးခဲ့ကြောင်း ဖော်ပြထားပြီး နယ်စပ်တည် ငြိမ်ရေးအတွက်လည်း အလေးထားဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

''အခုဖြစ်နေတဲ့ ပြဿနာတွေ ကိုးကန့်ကိစ္စတွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြားမှာ ဝင်ရောက် ကြားဝင်ဆောင်ရွက်ပေးမယ် ဆို တာ ကောင်းပေမယ့် ယေဘုယျဆန်လွန်းပါ တယ်။ တရုတ်ကတော့ သူ့အကျိုးစီးပွားတွေ ရှိတဲ့အတွက် နယ်စပ်တည်ငြိမ်ရေးကို လိုလား မှာပဲ။ သို့သော် ကြားကပဲ ညှိပေးလို့ရမှာဖြစ် တဲ့အတွက် နှစ်ဖက်တောင်းဆိုမှုတွေက ထိပ် တိုက်တွေ့စရာဖြစ်နေရင် ဥပမာအားဖြင့် အစိုးရဘက်က သူတို့အဖွဲ့တွေကို နယ်မြေ ထဲပေးမဝင်နဲ့၊ လမ်းကြောင်းတွေ ပေးမသုံး နဲ့၊ ဒဏ်ရာရလူနာတွေ လက်မခံနဲ့ဆိုတာမျိုး တွေ တောင်းမှာဖြစ်သလို ဒီဘက်ကိုးကန့်တို့ ဘာတို့ဆိုရင်လဲ သူတို့ကို နယ်မြေအသုံးပြုခွင့် ပေးဖို့တို့၊ နောက် ထောက်ပံ့မှုတွေပေးဖို့တို့ တောင်းမှာဖြစ်တဲ့အတွက် နှစ်ဖက်ရဲ့ တောင်း ဆိုချက်တွေ အလျှော့အတင်းလုပ်ပေးနိုင်မှု တွေအပေါ်မှာသာ မူတည်ပြီး ဖြေရှင်းရမယ့် ပြဿနာရပ်တွေဖြစ်ပါတယ်။ ဒီအတိုင်းက တော့ သိပ်မလွယ်သေးပါဘူး''ဟု ငြိမ်းချမ်း ရေးဆိုင်ရာဆောင်းပါးများ ရေးသားနေသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံး သပ်သည်။

တရုတ်-မြန်မာနယ်စပ်အနီး ဖြစ် ပွားနေသည့် ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော် တို့၏ တိုက်ပွဲများမှာ နှစ်လကျော်ကြာမြင့်ခဲ့ ပြီဖြစ်ပြီး ကိုးကန့်အဖွဲ့အား အစိုးရအနေဖြင့် ဆွေးနွေးဖက်အဖြစ် သတ်မှတ်ထားခြင်းမရှိ သေးကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment