Sunday 26 April 2015

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ ဧပြီလကုန်အထိ မိုးကြိုးမုန်တိုင်းအန္တရာယ် သတိပြုရန်လိုဟုဆို

မိုးတိမ်တောင်များ ဖြစ်ပေါ်နေခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီလကုန်အထိ မိုးဆက်လက်ထစ်ချုန်း ရွာနိုင်ကာ မိုးကြိုးမုန်တိုင်း အန္တရာယ်ကိုလည်း သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မွန်-တနင်္သာရီကမ်းရိုးတန်း ဒေသတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသအချို့တွင် နေရာကွက်၍ မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း၊ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးမုန်တိုင်း တိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ စိုက်ဆင်းလေ တိုက်ခတ်ခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ဧပြီလကုန်အထိ သတိပြု နေထိုင်ရန်လည်း လိုအပ်ကြောင်း ၎င်းက သတိပေးပြောဆိုသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း ယင်းကာလအတွင်း၌ နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်သည့်အတွက် အပူဒဏ်အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း ဦးကျော်လွင်ဦးက ဆက်လက်ပြောကြားသည်။

မိုးတိမ်တောင်များ၏ အန္တရာယ်ကို မေလဆန်း အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ရာမှစ၍ မေလအကုန်အထိ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေရာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာနိုင်ကြောင်း ၎င်းက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးတိမ်တောင်များကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးကြွေကြခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ကြောင့် သစ်ပင်ကြီးများနှင့် ဓာတ်တိုင်များ ပြိုလဲကာ လူသေဆုံးမှုများလည်း ရှိခဲ့သည်။

The Voice Weekly  

No comments:

Post a Comment