Sunday 26 April 2015

PNLO နှင့် RCSS/SSA အဖွဲ့ နယ်မြေဆိုင်ရာ အငြင်းပွားမှု သီးခြားဆွေးနွေး မည်

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ဆွေးနွေးမည့် ညီလာခံပြီးပါက ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့အကြား ဖြစ်ပွားနေသည့် နယ်မြေဆိုင်ရာ အငြင်းပွားမှုကို ယင်းလက်နက်ကိုင် နှစ်ဖွဲ့အကြား သီးခြားဆွေးနွေးမည် ဖြစ်ကြောင်း ယင်းလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။

“ပန်ဆန်းက တိုင်းရင်းသားညီလာခံ ပြီးရင် ဒီကိစ္စဆွေးနွေးမှာပါ။ တိုင်းရင်းသားတွေ အချင်းချင်း သွေးမကွဲချင်ပါဘူး။ အစိုးရနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်ကတည်းက ဒီနေရာမှာ PNLO အဖွဲ့ အခြေချဖို့ သဘောတူထားတာ ဖြစ်တယ်။ တစ်ဖက်မှာကလည်း RCSS/ SSA အဖွဲ့က သူနေရာယူချင်တဲ့ သဘောဆိုတော့ နှစ်ဖက်အဖွဲ့က ပြန်ဆွေးနွေးရမှာပေါ့။ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဆုံးဖြတ်ချက်မရခဲ့ဘူး” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်သောမတ်စ်က ပြောဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း PNLO နှင့် RCSS/ SSA အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမောက်မြို့နယ်အတွင်းရှိ ကဒူးကြီးကျေးရွာအုပ်စုတွင် အခြေချနေထိုင်ရန်အတွက် နယ်မြေဆိုင်ရာ အငြင်းပွားခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ယင်းအငြင်းပွားမှုအတွက် နှစ်ဖက်ကိုယ်စားလှယ်များက နှစ်ကြိမ်ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင်သည့်အတွက် တိုင်းရင်းသားညီလာခံ ပြီးပါက နှစ်ဖွဲ့ချင်း သီးသန့်ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနယ်မြေသည် ယခင်က ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ လှုပ်ရှားခဲ့သော နယ်မြေဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်းမှအချို့ အလင်းဝင်ရောက်ခဲ့ပြီး အချို့ခွဲထွက်သွားကြခြင်းကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်အဖွဲ့များ အများဆုံး လှုပ်ရှားခဲ့သော နယ်မြေဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment