Sunday 26 April 2015

ရေခန်းခြောက်မှုကြောင့် အင်းလေး ဖောင်တော်ဦး ဘုရားသို့ ကုန်းလမ်းမှ ဘုရားဖူး သွားနေရ

အင်းလေးကန် ရေခန်းခြောက်မှုကြောင့် အင်းလေး ဖောင်တော်ဦး ဘုရားသို့ ဘုရားဖူးလာသည့် ခရီးသွားဧည့်သည်များမှာ ရေလမ်းမှတစ်ဆင့် သွားလာ၍ မရဘဲ ဘုရားနှင့် အနီးဆုံးဖြစ်သည့် အိုးကုန်း ကျေးရွာမှ တစ်ဆင့် ကုန်းလမ်းဖြင့် သွားလာနေရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပုံမှန်အားဖြင့် ဖော်တော်ဦးဘုရားသို့ စက်လှေဖြင့် ရေလမ်းမှ သွားရသော်လည်း အင်းလေးကန် ရေခန်းခြောက်မှုကြောင့် စက်လှေများ ကမ်းကပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ယင်းကဲ့သို့ ကုန်းလမ်းမှတစ်ဆင့် သွားလာနေရခြင်း ဖြစ်သည်။

“သွားလာရေးက အရမ်းခက်ခဲနေတယ်။ စက်လှေက ဘုရားကို ကပ်လို့ မရဘူး။ အဲ့ဒီတော့ ဘုရားနဲ့ အနီးဆုံးရွာကို စက်လှေကပ်ပြီးမှ ကုန်းကြောင်းနဲ့တစ်ဆင့် ဘုရားကို သွားနေရတယ်” ဟု အင်းလေး ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းလင်းက ပြောသည်။

အင်းလေးကန်ရေ ခန်းခြောက်မှုသည် ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သည့် ရေခန်းခြောက်မှုကဲ့သို့ ဆိုးရွားစွာဖြစ်ပေါ်နေပြီး အင်းလယ်ဘိုတဲ ရေအနက်သည် ဧပြီလ နှောင်းပိုင်းအချိန်တွင် ယခင်နှစ်များက ၃ ပေခွဲခန့် ရှိသော်လည်း ယခုနှစ်တွင် ၂ ပေကျော်သာ ကျန်ရှိတော့သည်ဟု အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းစီမံကိန်း တာဝန်ခံ ဦးသာဒိုးက ဆိုသည်။

ဖောင်တော်ဦးဘုရားကို အရင်က စက်လှေပေါ် လူဆယ်ယောက်လောက်တင်ပြီး ကမ်းကပ်လို့ ရပေမယ့် အခု သုံးယောက်လောက် တင်ရင်ကို စက်လှေက နှုန်းတွေနဲ့ ရုန်းလို့မရဘူး။ အဲ့တာကြောင့် ကုန်းကြောင်း အဆင်ပြေမယ့် လမ်းကနေ သွားနေကြရတယ်” ဟု ၎င်းက ပြောသည်။

ဒေသခံများက အထက်ပါအတိုင်း ပြောဆိုကြသော်လည်း ဧပြီလ ၂၅ ရက်ထုတ် အစိုးရသတင်းစာ များဖြစ်သည့် ကြေးမုံသတင်းစာတွင်မူ "အင်းလေးဖောင်တော်ဦး ဘုရားဝန်းကျင် ရေများသည့်အတွက် ဘုရားဖူးစက်လှေများဖြင့် စည်ကားလျက်ရှိ"ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ သတင်းကြောင့် အင်းလေးဒေသတွင် ဝေဖန်သံများ ထွက်ပေါ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် အင်းလေးကန် ရေခန်းခြောက်မှုကြောင့် ဒေသခံ အင်းသားများသည် သုံးရေအတွက် အခက်တွေ့နေသည်ဟု ဒေသခံများက ဆိုသည်။

“သောက်ရေက ရေသန့်တွေ ၀ယ်သောက်နေကြတာ ကြာပြီဆိုတော့ သိပ်အခက်အခဲ မရှိပါဘူး။ အဓိကက သုံးရေ ပြဿနာဖြစ်နေတယ်။ ဒီနှစ်ရေခန်းတာ တော်တော်ဆိုးတယ်” ဟု ဒေသခံ ကိုထွန်းလင်းက ပြောသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment