Saturday 13 December 2014

သီပေါမြို့နယ် ရဲကင်းကို သေနတ်သမားတစ်ဦး ဝင်ပစ်၍ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ခိုလုံတံတား ရဲကင်းကို ဒီဇင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် တပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ခိုလုံတံတားရှိ ရဲကင်းတွင် ယင်းနေ့က ဒုရဲအုပ်တစ်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ ခြောက်ဦးက တာဝန်ထမ်းဆောင်နေချိန် ပြောက်ကျားအင်္ကျီနှင့် ဘောင်းဘီ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဆိုင် ကယ်ဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သီပေါမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ပေ ၉၀ အကွာကနေ သေနတ်နဲ့ ဆင့်ပစ်ခဲ့တာ။ တပ်ကြပ်နှစ်ယောက်ကို ကျည်မှန်ခဲ့တယ်။ ဘယ်အဖွဲ့ အစည်းက လူလဲဆိုတာ စုံစမ်းနေဆဲမို့ အမှုမဖွင့်ရသေးဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲကင်းတဲရှိ တပ်ကြပ်အုပ်တီး၏ ဝမ်းဗိုက်တွင် ကျည်မှန်ဒဏ်ရာ သုံးချက်နှင့် တပ်ကြပ် စိုးမင်းအောင်တွင် ညာဘက်လက်ဖျံ ကျည်မှန်ဒဏ်ရာတို့ ရရှိခဲ့သောကြောင့် သီပေါမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း တပ်ကြပ်အုပ်တီး၏ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်ရသောကြောင့် မန္တလေးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသနေရကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

သီပေါမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် SSPP/SSA (ဝမ့်ဟိုင်း) အဖွဲ့များ အများဆုံး လှုပ်ရှားနယ်မြေ ဖြစ် ကြောင်း၊ ယင်းပစ်ခတ်မှုတွင် အဆိုပါအဖွဲ့များနှင့် ဆက်စပ်မှုရှိမရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကဆိုသည်။

The Voice Weekly

No comments:

Post a Comment