Saturday 13 December 2014

ကိုရီးယားသင်္ဘောဓာတ်ငွေ့ ယိုစိမ့်ပေါက်ကွဲရာမှ မြန်မာသင်္ဘောသား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မလေးရှားနိုင်ငံ ရေပိုင် နက်အတွင်း ဓာတ်ငွေ့ယိုစိမ့်မှု ကြောင့် သင်္ဘောတစ်စီးပေါက်ကွဲ မှု ဖြစ်ပွားကာ မြန်မာသင်္ဘောသား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၀ ရက်က ကိုရီး ယားနိုင်ငံပိုင် M.V.DL CALLA သင်္ဘောမှာ စင်ကာပူနိုင်ငံသို့ သွားစဉ် မလေး ရှားရေပိုင်နက်အနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု M-Ship ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သင်္ဘောပေါက်ကွဲမှု ဖြစ်စဉ် ကြောင့် Oiler ရာထူးဖြင့် တာဝန် ထမ်းဆောင်နေသည့် မြန်မာ သင်္ဘောသား ကိုဇော်မျိုးထွဋ်နှင့် ကိုရီးယားသင်္ဘောသားတစ်ဦး သေဆုံးသွားပြီး AB ရာထူးဖြင့် တာဝန်ထမ်းဆောင် နေသည့် ကိုခိုင်ဇင်လင်းမှာ ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး ကိုရီးယားနိုင်ငံသား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ သည်ဟု ဆိုသည်။ သေဆုံးသူ မြန်မာသင်္ဘောသားမှာ မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ပြန်လာမည့် သူဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

‘‘ပေါက်ကွဲမှုက ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ အင်တာနက်မှာ တက်နေ သလို သင်္ဘောတစ် စီးလုံး ပေါက်ကွဲသွားတာ မဟုတ်ပါဘူး။ တစ်စိတ်တစ်ဒေသပဲ ပေါက်ကွဲမှု ဖြစ်တာ။ ကုမ္ပဏီပိုင် ရှင်ကလည်း မလေးရှားကို လိုက် သွားပါပြီ’’ ဟု ၎င်းက ဆက်လက် ပြောသည်။

မလေးရှားနိုင်ငံ၊ Pulau Kapas မှ ရေမိုင် ၂၆ မိုင်အကွာ တွင် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့က အခင်းဖြစ် ပွားပြီး မိနစ် ၄၀ ခန့်အကြာ၌ ရောက်ရှိသွား ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို မလေးရှားနိုင်ငံရှိ Sultanah Nu Zahirah ဆေးရုံသို့ ပို့ထားကြောင်း  မလေးရှားရေကြောင်း အာဏာ ပိုင် ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ငွေ့၊ ဓာတ်ဆီ၊ ရေနံ ကဲ့သို့ ပေါက်ကွဲလွယ်သော ပစ္စည်းများ တင်သည့် Tanker သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရန် အထူးသင်တန်းတစ်ခုထပ်၍ တက်ရသည်။ မြန်မာ သင်္ဘောသားအချို့ကလည်း ထိုသင်္ဘောများသည် လစာပိုကောင်းသော်လည်း အန္တရာယ်များသဖြင့် မလိုက်လိုကြကြောင်း သင်္ဘောသား အသိုင်းအ၀ိုင်းမှ သိရသည်။

7Day DAILY 

No comments:

Post a Comment