Saturday 13 December 2014

အနှိပ်ခန်းများ တရားဝင်ခွင့်မပြုနိုင်ဟု တိုင်းအစိုးရငြင်း

အနှိပ်ခန်းများအား တရားဝင်ခွင့်ပြုရန် ဥပဒေပြဋ္ဌာန်းပေးရေးကိစ္စသည် မြန်မာ့ယဉ်ကျေးမှုနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ထိုသို့ခွင့်ပြုပေးလိုက်ပါက ကိုယ်ကျင့်တရားပျက်ပြားမှုများ ဖြစ်ပေါ်စေနိုင်၍ ယင်းကိစ္စ ရပ်အား ခွင့်ပြုပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငြင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီး တင်ဝင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်က လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းကျော်တင်သွင်းသော ယင်းအဆိုနှင့် ပတ်သက်၍ အဆုံးအဖြတ်ရယူရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အနှိပ်ခန်းများမှာ တရားဝင်ခွင့်ပြုထားခြင်းမဟုတ်၍ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။ ၀န်ကြီးက ယင်းကဲ့သို့ ပြောခဲ့သော်လည်း တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများ ဆက်လက် တည်ရှိနေခြင်းသည် တိုင်းဒေသကြီး တာဝန်ရှိသူအချို့၏ ကြီးမားသော ခြစားမှုကြီးဖြစ်ပေါ်နေသည်ကို သက်သေပြသကဲ့သို့ဖြစ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

‘‘ခွင့်ပြုချက်မရှိ၊ ဥပဒေမရှိ ဘဲ ဖွင့်ခွင့်ပေးထားတဲ့အတွက် အဲဒီမှာ အလုပ်လုပ်တဲ့သူတွေအများ စုအနေနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးရတဲ့အပြင် ဒီလိုဖွင့်လှစ်ထားတဲ့ အတွက်လည်း ဥပဒေကိုချိုးဖောက်ရာကျပါ  တယ်။ ဒီလိုမျိုးအနှိပ်ခန်း တွေဆိုတာ အိမ်နီးချင်းနိုင်ငံတွေ မှာလည်းရှိပြီး သူတို့ဆီမှာ သီးခြား ရပ်ကွက်တွေနဲ့ ရှိပါတယ်’’ဟု အ ဆိုတင်သွင်းခဲ့သူ ဦးသောင်းကျော်က ပြောသည်။

အနှိပ်ခန်းဖွင့်သူအများစုမှာ အလှပြင်ဆိုင်ဗန်းပြ၍ စီးပွားရေးမကောင်းသည့် နယ်မြို့များမှ အမျိုးသမီးငယ် များကို လူပွဲစားများက စည်းရုံးခေါ်ဆောင်ကာ အပြင်ထွက်ခွင့်မပေးဘဲ လုပ်ကိုင်စေသဖြင့် ကျွန်ပြုခိုင်း စေသကဲ့သို့ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။ 

ယင်းကိစ္စရပ်သည် ပိတ်ပင်သော်လည်း ထိရောက်နိုင်မည့်ကိစ္စမဟုတ်ဘဲ လိုအပ်ချက်တစ်ခုဖြစ်သဖြင့် တရားမ၀င်လုပ်ကိုင်နေမည့်အစား စည်းကမ်းသတ်မှတ်ပေးပြီး လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အစိုးရအနေဖြင့် လည်း ထိုက်သင့်သော အခွန်အခများရရှိနိုင်ကြောင်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကပြောသည်။

7Day DAILY

No comments:

Post a Comment