Wednesday 22 October 2014

၂၀၁၅ ရွေးကောက်ပွဲတွင် လက်သည်းခွံ မင်တို့သည့်စနစ် စသုံးမည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်ကြိမ်မဲပေးပြီး ထပ်မံမဲမပေးနိုင်ရန် မဲပေးပြီးသူများ၏ လက် သည်း ခွံတွင် မင်တို့ပြီး မှတ်သားသည့်စနစ် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးမှုများ၊ မဲထပ်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် မဲရုံအတွင်း သို့ လာရောက်ကာ မဲတစ်ကြိမ် ပေးပြီးသူများ အားလုံးကို မဲရုံမှူးက ကြီးကြပ်ပြီး လက်သည်းခွံများကို မင်တို့ကာ မှတ်သားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“မင်တို့ပြီးသားလူကို မဲပေးပြီး သူလို့ သတ်မှတ်မယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ လက်သည်းပေါ်မှာ ဖလင်လိပ် ခံထားတာတွေအထိ မသမာမှု လုပ်တာတွေ ရှိတယ်။ ဒါကိုလည်း ဖြစ်မလာအောင် ကြပ်မတ် သွားမှာပါ” ဟု ၎င်းကဆိုသည်။

အလားတူ ယခင်က သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများကို မဲပေးသည့်နေရာတွင် ဇယားကွက် အတွင်း အမှန်သင်္ကေတ ရေးခြစ်နည်းကို အသုံးပြုသော်လည်း ပယ်မဲများ ဖြစ်ပေါ်ခဲ့သောကြောင့် တံဆိပ် တုံးထု မဲပေးစနစ်ကို အစားထိုး အသုံးပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေအတွင်း ပြဋ္ဌာန်းထားသည်။

ယင်းသို့ ရွေးကောက်ပွဲ မဲမသမာမှုများ မဖြစ်ပေါ်စေရေး ကော်မရှင်၏ ပြောင်းလဲ ကျင့်သုံးမှုများကို ကြိုဆိုသော် လည်း ကြပ်မတ်မှုအပိုင်း အားနည်းမှုများ မဖြစ်ပေါ်စေရန်အတွက် မဲရုံမှူးများက ဂရုစိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“အိန္ဒိယမှာဆိုရင် မဲပေးပြီးတဲ့သူကို ခေါင်းကိုဆေးအနီနဲ့ အမှတ်အသား လုပ်တာရှိတယ်။ ဒါမျိုးကို နမူနာယူတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်သည်းခွံမှာ သုံးမယ့်မင်က ၂၄ နာရီခံတဲ့ မင်ဆိုရင် ပိုကောင်းမယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၄ နေရာအတွက် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ပြုလုပ်ခဲ့သည်။

သို့သော်လည်း အဆိုပါ ရွေးကောက်ပွဲများတွင် ကြိုတင်မဲများ၊ ပယ်မဲများ ရေတွက်ရာ၌ မဲမသမာမှုများ ရှိသည် ဟု နိုင်ငံရေး ပါတီများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းများက ထောက်ပြ ဝေဖန်ခဲ့သည်။

ထို့အပြင် ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကို လွှတ်တော် သက်တမ်းမကုန်မီ ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း ပြဋ္ဌာန်းထားသောကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

The Voice Weekly 

No comments:

Post a Comment