Wednesday 22 October 2014

ထိုင်းနိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိရေး ကြိုးပမ်းနေ

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ၁၀ နိုင်ငံအနက် လေးနိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိရန် ကျန်ရှိလျက်ရှိရာ လောလောဆယ် ထိုင်းနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် ရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

"ထိုင်းနိုင်ငံနဲ့ ဗီဇာကင်းလွတ်ခွင့် ရဖို့ မြန်မာနိုင်ငံ အနေဖြင့် အသင့်ဖြစ်နေပါပြီ။ ထိုင်းနိုင်ငံဘက်က အဖြေကို စောင့်နေတာပါ။ နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာသွားလာနိုင်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီ မှုတွေရဖို့ လိုပါတယ်" ဟု အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။ 

မြန်မာနိုင်ငံအနေဖြင့် လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများနှင့် ဗီဇာ ကင်းလွတ်ခွင့် ရရှိထားပြီဖြစ်ရာ ထိုင်းနိုင်ငံ အပါအ၀င် လေးနိုင်ငံနှင့်သာ ဗီဇာကင်းလွတ်ခွင့် ပြုလုပ်ရန် ကျန်ရှိတော့သည်။ အဆိုပါ ကျန်ရှိနေသေးသည့် ဘရူနိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့နှင့်လည်း ၂၀၁၅ ခုနှစ်အမီ မြန်မာနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် ရရှိရန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အာဆီယံနိုင်ငံများနှင့် ဗီဇာကင်းလွတ်ခွင့်များ တိုးမြှင့် ဆောင်ရွက် လာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း သို့ အာဆီယံနိုင်ငံများမှ ခရီးသွား ဧည့်သည်များ လွတ်လပ်စွာ သွားလာနိုင်ကာ မြန်မာနိုင်ငံသို့ ခရီးသွား ဧည့် သည်များ တစ်နှစ်ထက်တစ်နှစ် တိုးတက် ၀င်ရောက်လာနိုင်ကြောင်း ပညာရှင်များက လေ့လာ သုံးသပ် ထားသည်။ 

အာဆီယံတွင် ဖွံ့ဖြိုးမှု အားကောင်းသာ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်းနိုင်ငံတို့နှင့် ဗီဇာ ကင်းလွတ်ခွင့် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ဖြစ်လာနိုင်သည်။ အာဆီယံ ဒေသတွင်း လူဦးရေ သန်း ၆၀၀ နေထိုင်လျက် ရှိရာ ဗီဇာကင်းလွတ်ခွင့်များ ဆောင်ရွက်လာနိုင်မှုကြောင့် အပြန်အလှန် လည်ပတ်မှုများ အဆင်ပြေ ချောမွေ့လာမည် ဖြစ်သည်။

MOI Webportal Myanmar 

No comments:

Post a Comment