Monday 20 October 2014

အင်ဒိုနီးရှား သမ္မတသစ်အဖြစ် ဝီဒိုဒို ကျမ်းသစ္စာကျိန်ဆို

ဇူလိုင်လက ကျင်းပသည့် အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဂျိုကိုဝီဒိုဒိုသည် နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရှိရသည်။

ပြည်သူလူထုကြားတွင် ဂျိုကိုဝီဆိုသည့် အမည်ဖြင့် လူသိများသည့် အသက်(၅၃)နှစ်အရွယ် နိုင်ငံရေးသမား သည် ဂျကာတာမြို့တော်ရှိ လွှတ်တော်ရှေ့တွင် အောက်တိုဘာ (၂၀)ရက်က အခမ်းအနားဖြင့် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ဂျကာတာ မြို့တော်ဝန်ဟောင်း တစ်ဦးဖြစ်သည့် ဝီဒိုဒိုသည် အင်ဒိုနီးရှား နိုင်ငံသမိုင်းတွင် စစ်ဘက်နှင့် နိုင်ငံရေး အထက်တန်းလွှာ အသိုက်အဝန်းနှင့် ဆက်နွှယ်မှု မရှိသည့် ပထမဆုံး သမ္မတလည်း ဖြစ်လာ သည်။ ၎င်းသည် ကျမ်းသစ္စာ ကျိန်ဆိုမှု အပြီးတွင် ဒုတိယ သမ္မတ ဂျူဆွတ်ဖ်ကယ်လာနှင့်အတူ သမ္မတ အိမ်တော်သို့ သွားရောက်ခဲ့သည်။

ဂျကာတာတွင် အောက်တိုဘာ (၂၀)ရက် ညပိုင်း၌ ဝီဒိုဒိုကို ဂုဏ်ပြုသည့် အနေဖြင့် Rockဂီတ အဖွဲ့များ အပါအဝင် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားပြီး ဝီဒိုဒိုသည် ထိုပွဲတွင် ပရိသတ်များကို နှုတ်ဆက်ဖွယ် ရှိနေသည်။

သမ္မတအဖြစ် ၎င်း၏ ပထမဆုံး မိန့်ခွန်းတွင် ဝီဒိုဒိုက “သင်္ဘောရဲ့ ဦးစီးမှူး အနေနဲ့ ကုန်းပတ်ပေါ် လိုက်ပါ လာ တဲ့ နိုင်ငံသား အားလုံးဟာ သာယာဝပြောတဲ့ အင်ဒိုနီးရှား နိုင်ငံဆီ ဦးတည်ဖို့ အတူလှော်ခတ်ကြဖို့ ကျွန်တော် ဖိတ်ခေါ်ချင်ပါတယ်”ဟု ထည့်သွင်း ပြောကြားသွားကြောင်း ဂျကာတာဂလုပ်ဘ် သတင်းစာက ဖော်ပြသွားသည်။

Ref: BBC

No comments:

Post a Comment