Monday 20 October 2014

တောင်ကိုရီးယားကို ရန်စနေမှုများအား ရပ်တန့်ရန် မြောက်ကိုရီးယားကို အမေရိကန် တိုက်တွန်း

ကိုရီးယား နှစ်နိုင်ငံ နယ်စပ် တစ်နေရာကို တွေ့ရစဉ်။ Photo - Yonhapnews
ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်အောင် ရန်စနေသည့် လုပ်ရပ်များကို ရပ်တန့်ရန် မြောက် ကိုရီးယားကို အမေရိကန်က တိုက်တွန်း တောင်းဆိုလိုက်သည်။

အောက်တိုဘာ (၁၉)ရက်က တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံးက အင်အားကြီးမားစွာ တပ်စွဲ စောင့်ကြည့်နေသည့် နယ်စပ်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ပဋိပက္ခ အခြေအနေများ ပိုမိုများပြားလာသည်။

နယ်စပ်စည်းရိုး အနီးသို့ မြောက်ကိုရီးယားစစ်သည် (၁၀)ဦးမျှ ချဉ်းကပ်လာသည့်နောက် တောင်ကိုရီးယား က ခြောက်လှန့် ပစ်ခတ်ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ကြခြင်းဟု တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့ သည်။ (၁၀)မိနစ်မျှ ကြာမြင့်သည့် ဖြစ်ရပ်အတွင်း တောင်ကိုရီးယားဘက်မှ အထိအခိုက် အကျအဆုံး မရှိသော်လည်း မြောက်ကိုရီးယားဘက်မှ သတင်းအချက်အလက်များကိုမူ မသိရချေ။

အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယား အနေဖြင့် ယင်းကဲ့သို့ ရန်စသည့် လုပ်ရပ်မျိုးကို ရှောင်ကြဉ် ရန် တိုက်တွန်းခဲ့သည်။ “ကျွန်တော်တို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း စောင့်ကြည့်နေ ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်အောင် ရန်စနေမှုကို လျှော့ချသင့်ပါတယ်။ ပဋိပက္ခ တစ်ခုခုဆီ ဦးတည်နေတဲ့ ဘယ်လို လုပ်ဆောင်မှုကိုမဆို မြောက်ကိုရီးယား အနေနဲ့ ရပ်တန့်ဖို့ လိုပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦး က ပြောကြားခဲ့သည်။

အောက်တိုဘာ (၁၉)ရက် ဖြစ်ရပ်သည် (၂)ပတ်မျှ အတောအတွင်း နယ်ခြားစောင့်တပ်များ တတိယ အကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်လာခဲ့သည်။ ယခုလ အစောပိုင်းက မြောက်ကိုရီးယား စစ်ဘက် ထိပ်တန်းခေါင်းဆောင်(၃)ဦး တောင်ကိုရီးယားသို့ အလည်အပတ် ရောက်ရှိခဲ့သည့်တိုင် နှစ်နိုင်ငံကြား နယ်စပ်ပြဿနာများမှာ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်သည်။

Ref: BBC

No comments:

Post a Comment