Thursday, 25 September 2014

တန်အောင်ပေးပါ တန်အောင်ခိုင်းပါ

ဝန်ထမ်းများရဲ့ စွမ်း ဆောင်ရည် မြင့်မားလာရင် ပြည်သူတွေ စိတ်ချမ်းသာရမယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုး တက်လာမယ်။ ဒီစာကို ကျွန်တော် ရေးမိတာဟာ ပြည်သူ တွေစိတ်ချမ်းသာဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် ဖို့ဆိုတဲ့ အရိုးခံစေ  တနာသက်သက်ပါ။
ဝန်ထမ်းများရဲ့ စွမ်းဆောင် ရည်နဲ့ ပတ်သက်တဲ့ဆောင်းပါး တစ်ပုဒ်ကို ၃.၉.၂၀၁၄ ရက်ထုတ် 7Day News ဂျာနယ်မှာ ဖတ်ရပါတယ်။ ဆောင်းပါးရှင် အောင် အောင် (IR) ရဲ့ ‘၀န်ထမ်းများ၏ စွမ်းဆောင် ရည်နှင့် မြန်မာ့ပြုပြင် ပြောင်းလဲရေး’ ဆိုတဲ့ ဆောင်းပါး ပါ။ ဆောင်းပါးရဲ့ တစ်နေရာမှာ ဒီလိုရေးပါတယ်။

‘‘အခုဆို ၀န်ထမ်းအဖွဲ့အ စည်းတွေကို စွမ်းဆောင်ရည်သင် တန်းတွေ ပုံစံအမျိုးမျိုးနဲ့ပေး တယ်။ ပြည် တွင်း ကလည်း ပေး တယ်။ ပြည်ပလည်း ပေးတယ်။ ဒီမှာ ပြောစရာရှိတာက ၀န်ထမ်း တွေဘက်ကလည်း လစာ ကိစ္စ၊ ခံစားခွင့် ကိစ္စတွေ တင်ပြတယ်။  လစာသာ လောက်လောက်ပေး၊ ဘယ်လိုကြိုးစားပြမယ် ဆိုတာမျိုး ကြားရ တယ်။ မထင်ပါဘူးဗျာ။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ အရင် ကြိုးစား အရင်ပြောင်းလဲ၊ တိုင်း ပြည် တကယ် တိုးတက်လာပြီ၊ ၀င်ငွေတွေ ရလာပြီဆိုမှ ၀န်ထမ်း တွေ သက်သာချောင်ချိဖို့ ဆိုတာ ဖြစ်နိုင်မယ်။ ဘယ်နိုင်ငံမှာ မဆို ဒီအတိုင်းပါပဲ။ ၀န်ထမ်းတွေကို ခေတ်နဲ့အညီ လစာတိုးပေးဖို့ဆို တာ ကိုယ့်ဘက်က အပြီးပြုပြင် ပြောင်းလဲကြိုးစားမှ နောက်က လိုက်လာတာမျိုးပါ’’

ဆရာအောင်အောင်ရဲ့ စာ ကို ဖတ်ရတော့ အဖိုးနည်းရင် အိုး ကွဲပဲရမယ်ဆိုတဲ့ စကားကို သတိ ရမိတယ်။ အိုးကွဲတွေနဲ့ပဲ ကျွန် တော်တို့ စခန်းသွားနေရတာ နှစ် ပေါင်းကို မနည်းတော့ပါဘူး။

အဖိုးနည်းနည်းပဲပေးထားတဲ့ အစိုးရဘဏ်ဝန်ထမ်းနဲ့ ထိုက်တန်တဲ့ အဖိုးပေးထားတဲ့ ပုဂ္ဂလိက ဘဏ်ဝန် ထမ်း တို့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ၀န်ထမ်းအားလုံး အိုးကွဲချည်းပဲလို့ ကျွန်တော်မဆို လိုပါ။ အိုးကောင်းများလည်း တွေ့ဖူးပါတယ်။ ဒါပေမဲ့ တော်တော့ကို ရှားပါတယ်။

ဝန်ထမ်းများအရင်ကြိုးစား၊ အရင်ပြောင်းလဲ၊ တိုင်းပြည်တ ကယ်တိုးတက်လာပြီ၊ ၀င်ငွေရ လာပြီဆိုမှ ၀န် ထမ်းတွေသက်သာ ချောင်ချိဖို့ (လစာတိုးဖို့) ဆိုတာ ဖြစ်နိုင်မယ်ဆိုတဲ့ အယူအဆကို ကျွန်တော် သဘော မတူ ပါဘူး။

လုံခြုံရေး၊ သန့်ရှင်းရေး၊ ဂိတ်စောင့်မှအစ ညွှန်ကြားရေးမှူးချုပ်၊ဦးဆောင်ညွှန်ကြားရေးမှူးအထိသော ၀န်ထမ်းတွေ ဆိုတာ နိုင်ငံတော်အကြီးအကဲများက ခန့်ထားခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေပါ။ မိမိနဲ့ မိသားစု စား ၀တ်နေရေး အတွက် အသက်မွေးဝမ်းကျောင်း လုပ်ကြတာပါ။ နိုင်ငံအတွက်၊ လူမျိုးအတွက် လို့တော့ ပြောချင် ပြောကြမှာပေါ့။ တကယ်လက်တွေ့မှာတော့ ဖြစ်နိုင်ခြေအလွန် နည်းပါတယ်။ ကိုယ့် မိသားစု လူတန်းစေ့နေနိုင်ဖို့က ပထမဦးစားပေးပါ။ ပတ်ဝန်းကျင်မှာ ဒီလိုပဲ တွေ့နေရပါတယ်။

ဒုတိယ၀န်ကြီးကနေ သမ္မတကြီးအထိကိုတော့ ရွေးချယ်ခံပုဂ္ဂိုလ်များလို့ ခေါ်ကြပါတယ်။ အသက်မွေး ၀မ်းကျောင်း ၀င်လုပ် ကြတာ မဟုတ်ဘူးလို့ နားလည်ပါ တယ်။ အဲဒီလိုပဲ နားလည်ချင်ပါ တယ်။ နိုင်ငံနဲ့ လူမျိုးအတွက် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ကြတဲ့ ပုဂ္ဂိုလ် တွေကို ပြည်သူတွေက ရွေးချယ် ပေးတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေကိုပေါ့။ လွှတ်တော် ကိုယ်စားလှယ်က သမ္မတကိုရွေး၊ သမ္မတကမှ ၀န်ကြီး၊ ဒုဝန်ကြီး တွေကို ပြန်ခန့်။ အဲဒီတော့ သမ္မ တကြီးနဲ့ သူ့ဝန်ကြီး၊ သူ့အဖွဲ့ဝင် တွေကိုသာလျှင် တိုင်းပြည်နဲ့ လူ မျိုးအတွက်ဆိုတဲ့ ပေတံနဲ့ တိုင်းရ မှာဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်များ အတွက် သူတို့ထမ်းနေတဲ့ တာဝန် ဟာ အသက်မွေးဝမ်းကျောင်း ကိစ္စမဟုတ်တော့ပါဘူး။ မိသားစု စားဝတ်နေရေးကိစ္စမဟုတ်တော့ ပါဘူး။ ကိုယ်ယုံကြည်ရာ လမ်း စဉ်အတွက် ကိုယ်စွမ်းနိုင်ရာကို ကိုယ်ဝင်ထမ်းနေခြင်းပဲ ဖြစ်ပါ တယ်။ ဒီလိုဖြစ်မှလည်း နိုင်ငံ တော်ကို ဦးဆောင်ဦးရွက်ပြုနေ သော ပုဂ္ဂိုလ်များဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီမှာ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်းအ တွက် အလုပ်လုပ်ကြတဲ့ ၀န်ထမ်း တွေကို ကြိုးစားကြကွာ၊ ပြောင်း လဲကြကွာ၊ လစာတော့ လောက် အောင် မတိုးနိုင်သေးဘူးဆိုလို့ ၀န်ထမ်းတွေ ကြိုးစားလာကြလိမ့် မယ်၊ ပြောင်းလဲ လာကြလိမ့်မယ် ဆိုတာက စိတ်ကူးယဉ်တာပဲ ဖြစ် ပါတယ်။ ပေးထားတဲ့ လုပ်ခလစာက ပိုပိုလျှံလျှံ မဖြစ်သေး တာတောင် ခေတ်ကာလနဲ့ လိုက် လျောညီထွေလေးရှိနေလို့ လောက်ငနေတယ်ဆိုရင် ကြိုးစားကြကွာ၊ တိုင်းပြည်ချမ်းသာလာရင် ပိုလျှံအောင် တိုးပေးမယ်လို့ ပြောလို့ကောင်းသေးတယ်။

ဒီနေ့ (၉.၉.၂၀၁၄) အခြေ အနေကို ကျွန်တော်တွက်ပြမယ်။ အနိမ့်ဆုံးအဆင့် အစိုးရ၀န်ထမ်း (လုံခြုံရေး၊ သန့်ရှင်းရေး၊ ဂိတ် စောင့်စသည်) တစ်လကို လစာ ရင်း ၇၅,၀၀၀ နဲ့ ဆောင်းငွေ ၃၀,၀၀၀) စုစုပေါင်း တစ်သိန်းနဲ့ ငါးထောင်ရတယ်။ အဲဒီဝန်ထမ်း အဆင့်ဟာ အတန်းပညာများများ တတ်စရာ မလိုဘူး။ အသက်သိပ် မကြီးသေးဘူး၊ မိသားစုရှိချင်မှ ရှိမယ်။ တာဝန်ယူ၊ တာဝန်ခံစရာ များများစား စားမရှိဘူး။ သူရ တဲ့ လစာနဲ့ သူ့စားဝတ်နေရေးကို ထိန်းထားနိုင်တယ်လို့ ဆိုလို့ရ တယ်။

ပြန်တမ်းဝင်အရာရှိဆိုပါ တော့။ များသောအားဖြင့် ဦးစီး ဌာနတွေမှာဆိုရင် ပြန်တမ်းဝင် အရာရှိဆိုတာ မြို့နယ်တစ်ခုကို တာဝန်ယူရတယ်။ ဥပမာပြောရ ရင် လ.၀.က၊ ရဲ၊ ပြည်တွင်းအခွန်၊ ထွေ/အုပ် စသည်ဖြင့်ပေါ့။ ပြန် တမ်းဝင်အရာရှိလစာ (လစာရင်း ၁၄,၀၀၀၀+ဆောင်းငွေ ၃၀,၀၀၀)တစ်သိန်း ခုနစ်သောင်း ရတယ်။

အဲဒီအဆင့် ရောက်ဖို့အ တွက် စာတွေ အများကြီး သင်ခဲ့ရ တယ်။ အချိန်တွေပေးခဲ့ရတယ်။ အသက် ၄၀ ၀န်းကျင်ရှိနေကြပြီ။ မိသားစုရှိတယ်။ တစ်မြို့နယ်လုံး ကို တာဝန်ခံရတယ်။ စဉ်းစား ကြည့်လေ။ တစ်နေ့ ၆,၀၀၀ ၀င် ငွေနဲ့ သူ့မိသားစုစားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တွေကို သူဘယ်လို ထိန်းမလဲ။ မြို့နယ်အဆင့် အရာရှိဆိုတဲ့ အ ဆင့်နဲ့ ညီအောင် သွားလာနေ ထိုင်စားရတာလည်း ရှိသေးတယ်။

အဲဒီလို ၀န်ထမ်းတွေကို စွမ်း ဆောင်ရည်မြင့်အောင် ကြိုးစား ကြ၊ တိုင်းပြည်တိုးတက်လာရင် လစာတိုးပေးမယ်လို့ ပြောမယ်ဆို ရင် လူအများရှေ့မှာတော့ ပြုံးပြီး ခေါင်းညိတ်နေမှာပေါ့။ ဒါပေမဲ့ သူ့ရင်ထဲ၊ သူ့အသည်းနှလုံးထဲကို တော့ ၀င်မှာမဟုတ်ပါဘူး။ အဲဒီ အဆင့်ဝန်ထမ်းများအတွက် ကြွား ဖို့၊ ၀ါဖို့မပါ။ စားဖို့၊ နေဖို့၊ ၀တ်ဖို့ဆို တဲ့ အခြေခံလိုအပ်ချက်ကိုပဲ တစ် နေ့တစ်သောင်း မဖြစ်မနေ လို အပ်ပါလိမ့်မယ်။ အဲဒီတော့ သူ ဘာလုပ်မလဲ။ သူ့မှာ လုပ်ပိုင်ခွင့် ရှိတယ်လေ။ အဂတိလိုက်စား တာတွေ၊ လာဘ်ပေး လာဘ်ယူဆို တာတွေ ဖြစ်ပြီပေါ့။

နိုင်ငံတော်သမ္မတကြီးက လ စာသိန်းငါးဆယ်ရတယ်။ ကား ခြောက်စီးသုံးခွင့်ရှိတယ်။ အိမ် တော်တွေ၊ ၀န်ထမ်းတွေနဲ့ အပြည့်အစုံ။ သမ္မတကြီးဆိုတော့ သူ့ရာထူး၊ သူ့တာဝန်နဲ့ တန်အောင် နိုင်ငံတော်က ချီးမြှင့်တာကို ၀မ်းသာပါတယ်။ သမ္မတနဲ့ သမ္မတရဲ့ အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံတော်က ချီးမြှင့်နေတဲ့လစာနဲ့ ခံစားခွင့်တွေဆိုတာ အဲဒီပုဂ္ဂိုလ်ကြီးများရဲ့ စားဝတ်နေရေး ဖူလုံလောက်ငဖို့ဆိုတာထက် ရာထူးတာဝန်နဲ့ လျော်ညီအောင် ပေးတာပဲ ဖြစ်ပါလိမ့်မယ်။သူတို့ရတဲ့ လစာနဲ့ ခံစားခွင့်တွေဟာ  သူတို့ မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုမှ ကုန်နိုင်စရာမရှိပါဘူး။ ပိုပိုလျှံလျှံရှိမှာသေချာပါတယ်။

ဝန်ထမ်းတွေကို လစာ မ လောက်မငပေးထားတဲ့အတွက် ပထမအဆင့်အနေနဲ့ စားဝတ်နေ ရေး မလောက် ငလို့ ဆိုတဲ့ အ ကြောင်းပြချက်နဲ့ အဂတိလိုက် စားမယ်။ စားဖန်များလာတော့ အကျင့်ပါသွားပြီး ချမ်းသြာ ကွယ်ဝဖို့ ဆက်စားတယ်။ ကာလကြာ လာတော့ အဂတိလိုက်စားတယ် ဆိုတာ ယဉ်ကျေးမှု ဖြစ်သွားတယ်။

အဲဒီလို အနေအထားမှာ အ ရင် ကြိုးစား၊ အရင်ပြောင်းလဲ တိုး တက်လာပြီဆိုမှ ချောင်ချိအောင် လုပ်ပေးမယ်ဆိုတော့ ဒီဝန်ထမ်း တွေနဲ့ပဲ ကျွန်တော်တို့နှစ်ပေါင်း များစွာ ကြာခဲ့ပြီလေ။ နိုင်ငံတော် ကို ချစ်ဖို့၊ ရိုးသား ဖို့၊ ကြိုးစားဖို့ ထပ်ခါတလဲလဲ ပြောခဲ့တယ်။ ရိုး သား၊ ကြိုးစား၊ လုပ်အားဖြင့် နိုင်ငံတည် ဆိုတဲ့ ဆောင်ပုဒ်တွေ  လမ်းဘေးမှာ ဆိုင်းဘုတ်အကြီးကြီး ချိတ်ပြီး လှုံ့ဆော်စည်းရုံးခဲ့တာ နှစ်ပေါင်းမှ မနည်းဘဲ။ ဒီနေ့အထိ ဘာမှ ထူးခြားမလာတာ လက်တွေ့ပါ။

သာမန်ပန်းရန်၊ လက်သမား နေ့စားတစ်ယောက်တောင် တစ် နေ့ ကျပ် ၆,၀၀၀ လောက် ရတယ်။ ဆရာအဆင့်ဖြစ်သွားရင် ၁၀,၀၀၀။မနက် ၈ နာရီကနေ ညနေ ၅ နာရီလောက်ထိ လုပ်ရတာ မှန်တယ်။ ဒါပေမဲ့ သူတို့ တန်အောင်ရတယ်။

နိုင်ငံတော်ဝန်ထမ်းအရာရှိ တစ်ယောက်ရဲ့ တစ်နေ့ဝင်ငွေနဲ့ နှိုင်းယှဉ်ကြည့်ပါဦး။ လစာဘယ် လောက် ရသလဲ မေးရင် အဲဒီအ ရာရှိ မဖြေချင်ဘူး။ အရာရှိက လည်း လစာကို သိပ်စိတ်မ၀င်စား ပါဘူး။ ငါ့ရာထူးမှာ ငါဘာတွေ လုပ်ပိုင်ခွင့်ရှိသလဲဆိုတာပဲ စဉ်း စားတယ်။

ဝန်ထမ်းတွေရဲ့ စွမ်းဆောင် ရည် မြင့်မားလာဖို့ဆိုရင် ကျွန် တော်ကတော့ ဒီလို ဖြစ်စေချင်ပါ တယ်။

၁။ဝန်ထမ်းအဆင့်အလိုက် ခေတ်ကာလရဲ့ ကုန်ကျစရိတ်နဲ့ လိုက်လျောညီထွေရှိမယ့် လစာ ကိုပေးပါ။

၂။တန်အောင်ခိုင်းပါ။ လုပ် ဆောင်ခိုင်းပါ။ တာဝန်ယူခိုင်းပါ။ တာဝန်မကျေဟု ယူဆသူကို လက်တွဲဖြုတ်ပါ။

၃။ဌာနဆိုင်ရာများရဲ့ လုပ်ငန်း အဆင့်များကို လျှော့နိုင်သမျှ လျှော့ချပါ။

၎။ဝန်ထမ်းအဖွဲ့အစည်းအချို့မှာ ၀န်ထမ်းတွေ ဖောင်းပွနေပါ တယ်။ ကိုယ်ကျိုးကို ခဏဖယ်လို့ သမာသမတ် ကျကျကြည့်ရင် တွေ့နိုင်ပါတယ်။ ပိုလျှံဝန်ထမ်းတွေကို စနစ်တကျ ဖယ်ရှားပါ။

၅။နိုင်ငံတော်အကြီးအကဲများ  ကိုယ်တိုင်က စံနမူနာပြပါ။ အ လုပ်ကြိုးစားပါ။ အဂတိကင်း အောင်နေပါ။ စည်းကမ်းဥပဒေကို လိုက်နာပါ။

၆။ကျောသားရင်သား မခွဲခြား ပါနဲ့။ တော်သူကို တော်သလို ချီး မြှောက်ပါ။ လူသိရှင်ကြား ကြေ ညာပါ။ အပြစ်ရှိသူကို ရှိသလို ဒဏ်ပေးပါ။ မည်သူ့ကို မည်သို့ အပြစ်ဒဏ် ပေးလိုက်ကြောင်း ပြည်သူကို အသိပေးပါ။ နောက် ထပ်ကျူးလွန်မယ့်သူများ လက် တွန့်သွားပါလိမ့်မယ်။

၇။တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ထိုက်သင့်သော လစာဝင်ငွေကို တိုးပေးပါ။

လောက်ငရုံမက ပိုပိုလျှံလျှံ ရလာရင် ၀န်ထမ်းတွေ အရမ်း ပျော်သွားပါလိမ့်မယ်။ မတော် လောဘ ရှိနေသူများ ကျေနပ် အောင်တော့ မည်သူမျှ တတ်နိုင် မှာ မဟုတ်ပါဘူး။

 ရွေးချယ်ခံ နိုင်ငံ့ခေါင်း ဆောင်များက စတင်မကြိုးစား မပြုပြင်ဘဲနဲ့ အသက်မွေးဝမ်း ကျောင်းအတွက် အလုပ်လုပ်နေ တဲ့ အောက်ခြေ၀န်ထမ်းတွေကို မ၀ရေစာပေးထားပြီး ကြိုးစားကြ ကွာ၊ ပြုပြင်ကြကွာ လို့ ပြောလို့က တော့ အောင်မြင်နိုင်မယ် မထင် ကြောင်းပါခင်ဗျား။

(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

7Day DAILY

No comments:

Post a comment