Tuesday 2 September 2014

နိုင်ငံရေးသိပ္ပံဘွဲ့လွန် ဒီပလိုမာ စတင်ဖွင့်လှစ်သင်ကြားမည်

လာမည့် ဒီဇင်ဘာတွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံရေး သိပ္ပံဘာသာရပ် ဘွဲ့လွန်ဒီပလိုမာ သင်တန်း စတင် ဖွင့်လှစ် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း နိုင်ငံ တကာဆက်ဆံရေးပညာဌာနမှ သတင်းရရှိသည်။
ရန်ကုန် တက္ကသိုလ်တွင် လွန်ခဲ့သောပညာသင်နှစ်က နိုင်ငံ ရေး သိပ္ပံဘာသာရပ်ကို ဘွဲ့ကြို တန်းစတင် ဖွင့်လှစ် သင်ကြားပို့ချ ခဲ့ပြီးနောက် ယခုအခါဘွဲ့လွန် ဒီပလိုမာသင်တန်းဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက ခွင့်ပြု လိုက်ခြင်းဖြစ်သည်။

‘‘အဆင်သင့် ဖြစ်ပါပြီ။ အစောဆုံးဒီဇင်ဘာလမှာဖွင့်မယ်။ နိုင်ငံရေးသိပ္ပံဘာသာရပ်အတွက် ကိုရီးယားနိုင်ငံ က ချောင်အမ်း တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက် နေတာလည်းရှိပါတယ်’’ ဟု ရန်ကုန်တက္ကသိုလ် နိုင်ငံ တကာ ဆက်ဆံရေးပညာဌာနမှ တာဝန် ရှိသူက ပြောသည်။

ရန်ကုန်တက္ကသိုလ်ရှိ နိုင်ငံ တကာ ဆက်ဆံရေးပညာဌာန သည် နိုင်ငံတကာဆက်ဆံရေး ပညာဘွဲ့လွန် ဒီပလိုမာသင်တန်း ကို ဖွင့်လှစ်ပို့ချလျက်ရှိပြီး ယခု အခါ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တိုးချဲ့သင်ကြား ရန် ဆောင် ရွက် နေခြင်းဖြစ်သည်။

‘‘သင်တန်းကာလက ရှစ်လ ပါ။ နံနက် ၇ နာရီကနေ ၉ နာရီ အထိပေါ့။ သင်တန်းကြေးက တော့ တခြား ဘွဲ့လွန်ဒီပလိုမာ တန်းတွေနဲ့ တစ်ပြေးညီသတ်မှတ် ထားပါတယ်။ လက်ရှိဘွဲ့လွန် ဒီပလိုမာနိုင်ငံတကာ ဆက်ဆံရေး ပညာက သင်တန်းကြေးကျပ် လေးသောင်းပါ’’ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ရန်ကုန်တက္ကသိုလ်တွင် အချိန်ပိုင်းဘွဲ့လွန်ဒီပလိုမာသင်တန်းများကို လူစွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး သင်တန်းအစီအစဉ်များ တိုးချဲ့ဆောင် ရွက်လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment