Friday 6 June 2014

တောင်ငူ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ရဲတပ်ဖွဲ့က လျစ်လျူရှုနေခြင်းအတွက် တစ်ကိုယ်တော် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူမြို့နယ်အတွင်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း စိတ်ကြွရူးသွပ်စေသော မူးယစ်ဆေးဝါးများ တရားမဝင် ဖြန့်ဖြူး ရောင်းချနေခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လျစ်လျုရှုနေခြင်းအပေါ် ကန့်ကွက်သည့် အနေနင့် တောင်ငူမြို့ခံတစ်ဦးက ဇွန်လ ၅ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီအထိ တစ်ကိုယ်တော် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။ 

တောင်ငူမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ တစ်စထက်တစ်စ မြင့်မား လာခြင်း ကြောင့် မြို့ပေါ်လူတန်းစားများသာမက ကျေးလက်နေ လူငယ်များပါ ရာဘခေါ် စိတ်ကြွ ရူးသွပ်ဆေးပြားများ သုံးစွဲမှု၊ ရောင်းဝယ် ဖောက်ကားမှုများကို ဖမ်းဆီးရန် ပျက်ကွက်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်တာဝန်ရှိသူများကို ဆန့်ကျင် ကန့်ကွက်သည့် အနေနှင့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သည့် တောင်ငူမြို့ အမှတ် ၉ ရပ်ကွက်ရှိ စားသောက်ဆိုင် လုပ်ငန်းရှင် ဦးအောင်ဇေယျက ပြောကြားသည်။ 

“လူငယ် ၁၀ ယောက်မှာ ၅ ယောက်လောက်က မူးယစ်ဆေး သုံးတတ်နေပြီ။ ဒါတွေကို ဘယ်လို တားဆီးပေးနိုင်မလဲ။ လူငယ်တွေ အနာဂတ်အတွက် မူးယစ်ဆေးဝါး ကင်းမဲ့တဲ့ မြို့တစ်မြို့အဖြစ် တောင်ငူကို မြင်ချင်တဲ့ အတွက်ကြောင့် ဒီအလုပ်ကို လုပ်တာပါ။ အရင် မြို့နယ်ရဲတပ်ဖွဲ့မှူး လက်ထက်ကတည်းက ဆန္ဒဖော်ထုတ်ခွင့်ကို အကြိမ်ကြိမ် လျှောက်ထားခဲ့တာပါ” ဟု ၎င်းကဆိုသည်။ 

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မင်းကြီးညို ကျေးရုပ်တုရှေ့မှ နံနက် ၁၀ နာရီခွဲခန့်တွင် စတင်ခဲ့ပြီး ဗိုလ်မှူးဖိုးကွန်းလမ်း၊ နံပါတ် ၁ လမ်း၊ နံပါတ် ၆ လမ်းနှင့် တပင်ရွှေထီး လမ်းအတိုင်း မူးယစ်ဆေးဝါး အလိုမရှိဟူသော ဆိုင်းဘုတ်တစ်ခုနှင့် တောင်ငူမြို့တွင် မူးယစ်ဆေးဝါး ကင်းမဲ့ဇုန်ဖြစ်ရေး ဟူသော ဆိုင်းဘုတ်နှစ်ခုကို ကိုင်ဆောင်ကာ လမ်းလျှောက်ခဲ့ပြီး မူလနေရာဖြစ်သော ကျေးရုပ်တုရှေ့တွင် ဆန္ဒဖော်ထုတ်မှုကို ရပ်ဆိုင်းခဲ့ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်သူအား လိုက်ပါ စောင့်ရှောက်ပေးခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောကြားသည်။
“မူးယစ် အထူးတပ်ဖွဲ့ အနေနဲ့ တောင်ငူခရိုင်အတွင်း ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ရပ်ကွက်ကျေးရွာတွေမှာ အဆက်မပြတ်လည်း အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်နေပါတယ်။ စီမံချက်တွေနဲ့လည်း ဖမ်းဆီး အရေးယူနေပါတယ်။ အခုဆန္ဒဖော်ထုတ်တဲ့သူ ပြောသလို ကျောင်းသားလူငယ် ပါဝင် ပတ်သက်မှုမျိုးကို ဖမ်းဆီးရမိတာ နေရာတိုင်းမှာ မတွေ့ရှိရသေးပါဘူး” ဟု တောင်ငူခရိုင် မူးယစ်အထူးတပ်ဖွဲ့ တာဝန်ခံ ဒုရဲအုပ် သော်ဇင်မျိုးက ဆိုသည်။ 

ဆန္ဒဖော်ထုတ်ရန် မေလ ၂၀ ရက် နေ့တွင် ဥပဒေနှင့်အညီ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများထံ တင်ပြ လျှောက်ထားခဲ့ပြီး မေလ ၂၂ ရက်နေ့တွင် ခွင့်ပြုချက် ချထားပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။ 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့များမှ တစ်ဆင့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖြစ် သော ရာဘ (WY) ဆေးပြားများသည် တောင်ငူ-လိပ်သိုလ်-လွိုင်ကော် လမ်းမကြီးမှတစ်ဆင့် အလုံးအရင်းလိုက် တင်ပို့ရောင်းချမှုများ ရှိလာကြောင်း မြို့ခံများက ပြောကြားသည်။ 

တောင်ငူမြို့နယ်အတွင်း လမ်းဘေးရှိ ဆိုက်ကားသမားမှ စ၍ ဧည့်သည်အဆုံး စိတ်ကြွဆေးပြား မည်သည့်နေရာတွင် ရောင်းချသည်ကို သိရှိကြောင်းနှင့် ရွှေသမင် ဘယ်တာက ထွက်ရှိနေသည်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်ကြောင်း တောင်ငူမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် ဦးဝဏ္ဍက သုံးသပ်ပြောကြားသည်။ 

တောင်ငူမြို့နယ်အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဇွန်လ ၅ ရက်နေ့အထိ ငါးလတာ ကာလအတွင်း မူးယစ်ဆေးဝါး နှစ်ခုမှုကိုသာ ဖမ်းဆီးနိုင်ခဲ့ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment