Friday 6 June 2014

တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးပြောင်းရွှေ့စနစ် ပွင့်လင်းမြင်သာ စနစ်သို့ ပြောင်းလဲမည်ဟုဆို

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်များတွင် ၂၀၁၄ ခုနှစ်မှ စတင်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ပွင့်လင်းမြင်သာသည့် စနစ်ပုံစံ ပြောင်းလဲမည် ဖြစ်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။

ကထိကရာထူးနှင့် ယင်းအောက် ရာထူးများအတွက် လုပ်သက်ပြည့်၍ ပြောင်းရွှေ့လိုလျှင် ကြိုက်နှစ် သက်သည့် ကျောင်းကို ရွှေ့ပြောင်းခွင့် ရှိကြောင်း၊ ရာထူး အပြောင်းအရွှေ့အတွက် သတ်မှတ်ချက်များကို သက်ဆိုင်ရာ ကျောင်းများထံ ပေးပို့ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီနှစ်မှာ ကထိကနဲ့ သူ့အောက် ရာထူးတွေဆို လုပ်သက်ပြည့်ရင် ပြောင်းချင်တဲ့ ကျောင်းပြောင်း။ ပြောင်း မယ့် ကျောင်းက နေရာလွှတ် စီစဉ်ပေးရမယ်လို့ ပြောထားတယ်” ဟု ဒေါက်တာတင်ဝင်းက ပြောကြားသည်။

သို့သော်လည်း အဆင့်မြင့်ပညာ တက္ကသိုလ်ဆရာ၊ ဆရာမ အများစုကမူ ရာထူး အပြောင်းအရွှေ့နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိမည်ကို စိုးရိမ်နေကြောင်း၊ သင့်တော်သည့် နေရာများကို မချထားဘဲ လာဘ်ပေးလာဘ်ယူမှုများကို ပယ်ဖျက်သင့်ပြီ ဖြစ်ကြောင်း ၎င်းတို့က တိုက်တွန်းကြသည်။

“ရာထူးပြောင်း (Transfer) က သောကြာနေ့လို့ ကြားတယ်။ အင်္ဂါနေ့ ညနေပိုင်းက Transfer ကျတယ်ဆိုပြီး အဆင့်မြင့်ပညာက သတင်းထွက်လို့ သွားကြည့်ကြတော့ ပါတဲ့လူ ပါပြီး မပါတဲ့လူ မပါဘူး” ဟု ဒဂုံတက္ကသိုလ် ဆရာ ဆရာမများ အသင်းဝင် ဦးအာကာမိုးသူက ဆိုသည်။

ယင်းကြောင့် နိုင်ငံတစ်ဝန်း အဆင့်မြင့်ပညာ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့အတွက် ဇွန်လ ၄ ရက်နေ့တွင် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက သိရသည်။

“အခု ဆရာ၊ ဆရာမတွေကို ဘယ်လိုဖြစ်စေချင်လဲ ဖောင်တွေ ပြန်တင်ခိုင်းနေတယ်။ ဒီနေ့ အစည်းအဝေး ထပ်လုပ်မယ်တောင် ကြားတယ်” ဟု ရန်ကုန်တက္ကသိုလ်ရှိ နည်းပြဆရာမတစ်ဦးက The Voice သို့ ပြောကြားသည်။

ယခု သတင်းပတ်အတွင်း ရာထူး ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာ ဦးစီးဌာနများက သက်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် အစည်းအဝေးများ ကျင်းပရန် ရှိကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပြောဆိုသည်။

“တက္ကသိုလ်ဆိုတာ သုတေသနထွက်မှ တက္ကသိုလ်နဲ့ တူတာ။ ဆရာ၊ ဆရာမတွေကို သုတေသန အားပေးတဲ့ ပုံစံပဲ လုပ်သင့်တယ်။ သုတေသနလုပ်တဲ့ ဆရာတွေကို ဘာမှမရှိတဲ့ ကျောင်းတွေ ပို့တာ ရပ်သင့်တယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် ရူပဗေဒ ပါမောက္ခတစ်ဦးက အကြံပြုသည်။

တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူး အပြောင်းအရွှေ့ကို အဆင့်မြင့်ပညာ ကျောင်းပိတ်ရာသီ ဧပြီလ နောက်ပိုင်းတွင်မှ ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ဇွန်လ ကျောင်းဖွင့်ရာသီ အစတွင် ရာထူး အပြောင်းရွှေ့များ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment