Friday 6 June 2014

မီးရထားဘူတာဝန်းကျင် မြေနေရာများတွင် ဆက်သွယ်ရေးအော်ပရေတာ တာဝါတိုင်တည်ဆောက်ရန် ပျမ်းမျှပေ ၆၀×၈၀ ရှိ မြေကွက်များကို ငှားရမ်းမည်

ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ရန် မြေနေရာအခက်အခဲဖြစ်နေသည့် ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် တာဝါတိုင်တည်ဆောက်ရန် မီးရထားဘူတာ အနီးဝန်းကျင်ရှိ မြေနေရာများကို ငှားရမ်းပေးသွားမည်ဖြစ်ပြီး မြေငှားရမ်းခွင့်ကို ၁၅ နှစ် လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ကြောင်း မြန်မာ့ရထား Optical Fiber Cable လိုင်းများ သွယ်တန်းခြင်းစီမံကိန်း ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

မြေငှားရမ်းခြင်းအတွက် တင်ဒါခေါ်ယူမှုကို ယနေ့ဇွန် ၆ ရက်မှ ဩဂုတ် ၅ ရက်အထိ လက်ခံသွားမည်။ တင်ဒါလျှောက်ထားမှုမှာ ဈေးနှုန်းအမြင့်ဆုံးပေးနိုင်မည့် ဆက်သွယ်ရေးအော်ပရေတာကို ရွေးချယ်ပြီး ငှားရမ်းခွင့် ၁၅ နှစ် လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး မြေငှားရမ်းခကို ၅ နှစ် တစ်ကြိမ်ပြောင်းလဲ သတ်မှတ်သွား မည်ဖြစ်ကြောင်း သိရသည်။ တင်ဒါပေးသွင်းမည့် ဆက်သွယ်ရေးအော်ပရေတာများသည် အာမခံငွေကို မြေငှားရမ်းခ တစ်နှစ်စာလုံး ပေးသွင်းထားရမည်ဖြစ်သည်။ မြေငှားရမ်းရန် သတ်မှတ်ထားသည့် မြေဧရိယာ မှာ ပျှမ်းမျှအားဖြင့် ပေ ၆ဝ×၈ဝ ဖြစ်သည်။ 

“အခုတော့ မိုဘိုင်းအော်ပရေတာ လေးခုပဲရှိတယ်။ နောက်ပိုင်းမှာ အော်ပရေတာတွေ များလာတဲ့အခါ တိုင်တစ်တိုင်တည်းမှာ အများအပြားလာရောက် ချိတ်ဆက်ရင် ရင်းနှီးမြှုပ်နှံသူတွေက အများကြီးမြတ်ပြီး တိုင်းပြည်အတွက် အများကြီး နစ်နာတယ်။  ငါးနှစ်ကို တစ်ကြိမ် ဈေးနှုန်းညှိနှိုင်းသွားမယ်။ အဲ့ဒီဟာက တခြားသူတွေကို တင်ဒါပေးလိုက်တာ မဟုတ်ဘူး။ သူတို့အနေနဲ့ ညှိနှိုင်းမှုတွေ မလုပ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ရပ်နားသင့်ရင် ရပ်နားရမယ်”ဟု မြန်မာ့ရထား Optical Fiber Cable လိုင်းများ သွယ်တန်းခြင်း စီမံကိန်းဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

အဆိုပါ မြေငှားရမ်းခနှုန်းထားမှာ ငှားရမ်းမည့်ဘူတာရှိရာ မြို့အပေါ်မူတည်ပြီး ဈေးနှုန်းကွာခြား သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ရထားဘူတာရုံ ၉ဝဝ ကျော် ရှိပြီး ဆက်သွယ်ရေးအော်ပရေတာများ ငှားရမ်းလိုသည့်မြေနေရာမှာ ရထားလုပ်ငန်းနှင့် လွတ်ကင်းပါက ငှားရမ်းပေးမည် ဖြစ်သည်။ 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားမှုအရ တရားဝင်လိုင်စင် ရရှိထားသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် အူရီဒူးနှင့်တယ်လီနောမှာ မြေနေရာငှားရမ်းခြင်းနှင့် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရန် အခက်အခဲများရှိနေခြင်းကြောင့် သတ်မှတ်ထားသည့်အချိန် ကာလထက် အနည်းငယ်နောက်ကျပြီးမှ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ 

Eleven Media Group 

No comments:

Post a Comment