Friday 6 June 2014

ထိုင်းအာဏာသိမ်း စစ်အစိုးရအား အသိအမှတ်ပြုကြောင်း မြန်မာ ပြောကြား

ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအများအပြားက ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ သဘော မတူကြောင်းနှင့် စိတ်ပျက်မိကြောင်း ပြောဆိုနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်းအာဏာသိမ်း စစ်အစိုးရ အား အသိအမှတ်ပြု ကြောင်း ပြောဆိုခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 တရုတ်နှင့် ဗီယက်နမ်နိုင်ငံများက ထိုင်းနိုင်ငံ၏ အာဏာသိမ်းစစ်အစိုးရအပေါ် အားပေးထောက်ခံမှုများ ပြုလုပ်နေသည်ဟု ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည့်သတင်းနှင့် ပတ်သက် ၍ ရိုက်တာက ရေးသားဖော်ပြရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း ထိုင်းအာဏာသိမ်းစစ်အစိုးရကို အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်း ၏ ပြောဆိုချက်အပေါ် ကိုးကား၍ ဖော်ပြခဲ့သည်။

“ထိုင်းနိုင်ငံဟာ ဘုရင့်နိုင်ငံတော်ဖြစ်ပြီး အခု စစ်အစိုးရဟာလည်း သူတို့ဘုရင်ရဲ့အားပေးထောက်ခံမှုကို ရရှိထားပါပြီ။ အဲဒီတော့ ကျွန်တော်တို့လည်း သူတို့ကို အသိအမှတ်ပြုတာပေါ့”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ရိုက်တာသို့ ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

မေ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံအာဏာသိမ်းယူမှု နောက်ပိုင်း အမေရိကန်အစိုးရက ထိုင်းနိုင်ငံ နှင့် ပူးတွဲလုပ်ကိုင်မည့် စစ်ရေးလုပ်ငန်းများကို ဖျက်သိမ်းလိုက်သည်။ ဥရောပသမဂ္ဂကလည်း ထိုင်း အာဏာသိမ်း စစ်အစိုးရအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများကို လွှတ်ပေးရန်နှင့် ဆင်ဆာဖြတ်တောက်ခြင်းများ ပြုလုပ်နေသည်ကို ရပ်ဆိုင်းရန် တိုက်တွန်းတောင်းဆိုလျက် ရှိသည်။

ဩစတြေးလျနိုင်ငံက ထိုင်းနိုင်ငံနှင့် ဆက်ဆံမှုကို စနေနေ့မှ စတင်၍ အဆင့်လျှော့ချလိုက်ပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင်များအား ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပူးတွဲကာကွယ်ရေးလုပ်ငန်းများကို ဖြတ်တောက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်။ ဩစတြေးလျနိုင်ငံ၏ လုပ်ဆောင်မှုများသည် အာဏာသိမ်းယူမှု နောက်ပိုင်းတိုင်းပြည်တစ်ခုမှ အပြင်းထန်ဆုံးအရေးယူမှုများ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတကာ ထောက်ခံ မှုများရရှိနိုင်ရေးအတွက် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ခဲ့ရာ ခရီးစဉ်၏ ပထမဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံသို့ ဇွန် ၂ ရက်တွင် လာရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးအား ထိုင်းနိုင်ငံအာဏာသိမ်းအစိုးရ၏ ဒီမိုကရေစီ ပြန်လည်ပေးအပ်နိုင်ရေး အဆင့်သုံးဆင့်ပါ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောဆိုခဲ့သည်။ အာဆီယံ နိုင်ငံများ အနေဖြင့် ထိုင်းနိုင်ငံအာဏာသိမ်းမှုနှင့် ပတ်သက်၍ အစည်းအဝေးခေါ်ယူရန် အစီအစဉ် မဖြစ်နိုင်ကြောင်းနှင့် အာဆီယံနိုင်ငံများသည် ပြည် တွင်းရေး ဝင်မစွက်ဖက်သည့် အာဆီယံ၏ မူဝါဒနှင့်အညီ ဆက်လက်ကျင့်သုံးသွားမည် ဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။ ၎င်း၏ ရှင်းလင်းချက်များနှင့် ပတ်သက်၍ မြန်မာဘက်က နားလည်ပါကြောင်းနှင့် ထိုင်းအစိုးရအနေဖြင့် အဆင့်သုံးဆင့်ပါ အစီအစဉ် အတိုင်း ဆက်လက်ကျင့်သုံးမည်ဟု ယုံကြည်ပါကြောင်းတို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည် ဟု သိရသည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးရဲထွဋ်တို့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိချေ။

Eleven Media Group 

No comments:

Post a Comment