Friday 6 June 2014

စီရော်နယ်ဒိုကမ္ဘာ့ဖလားပွဲလွဲအောင် ပြုစားထားကြောင်း ဂါနာအောက်လမ်းဆေးဆရာပြော

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်အထိပါ ခံစားရဖွယ်ရှိနေသည့် စီရော်နယ်ဒို၏ဒဏ်ရာကို မိမိကဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ဂါနာလူမျိုး အောက်လမ်းဆေးဆရာတစ်ဦးက ပြောကြားလိုက်သည်။

ပေါ်တူဂီအသင်းသည် မရဏအုပ်စုကျပ်အဖြစ်တင်စားခံရသော အုပ်စု G တွင် ဂျာမနီ၊ အမေရိကန်၊ ဂါနာ အသင်းတို့နှင့်အတူကျရောက်နေသည်။ စီရော်နယ်ဒိုသည် မေ ၂၅ က ကစားခဲ့သော ချန်ပီယံလိဂ် ဗိုလ်လုပွဲ တွင်အက်သလက်တီကိုဘက်သို့ ဂိုးသွင်းပြီးနောက်ပိုင်းကတည်းက ဘောလုံးကစားနိုင်ခြင်းမရှိတော့ဘဲ ဗုဒ္ဓဟူးနေ့တွင် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကကြေညာချက်ထုတ်ပြန်ခဲ့ရာ၌ စီရော်နယ်ဒိုတွင် ဘယ်ဒူးကြော ပြတ် ဒဏ်ရာနှင့် ပေါင်တွင်းကြောဒဏ်ရာ ရရှိနေသည်ဟု ဖော်ပြခဲ့သည်။

နာနာကွာကူဘွန်ဆန် (ဘာသာပြန်ပါက ဗုဒ္ဓဟူးမိစ္ဆာ)ဟု အမည်ရသော အောက်လမ်းဆေးဆရာက ဖေဖော် ၀ါရီလ အတွင်းရရှိခဲ့သော စီရော်နယ်ဒို၏ ဒဏ်ရာများက ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်အောင် ဖိစီးကြလိမ့် မည်ဟုလည်း ဟောကိန်းထုတ်ထားသည်။ ကူမာဆီအခြေစိုက် အသံလွှင့်ဌာန Angel FM နှင့် အင်တာဗျူး တွင် ၎င်းက "စီရော်နယ်ဒိုရဲ့ ဒဏ်ရာအကြောင်းကို ကျွန်တော်သိတယ်။ သူ့ကို ကျွန်တော်ပြုစားထားတာပါ။ ဒီအတွက် ကျွန်တော် အရမ်းပြင်းပြင်းထန်ထန်လုပ်ခဲ့ရတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ခွေးလေးကောင်ရှာခဲ့ပြီး ခက်ဝီရီကက်ပန်လို့ ခေါ်တဲ့ အထူးဝိဉာဉ်ကိုခေါ်ဖို့ သူတို့ကို အသုံးပြုခဲ့ရတယ်။ စီရော်နယ်ဒိုကမ္ဘာ့ဖလားလွဲဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ ဂါနာနဲ့ကစားမယ့်ပွဲကိုလွဲရဖို့ အကောင်းဆုံအရာကတော့ ကျွန်တော်ရဲ့စွမ်း အားနဲ့ သူဒဏ်ရာရသွားအောင်လုပ်ဖို့ပဲဆိုပြီး လွန်ခဲ့တဲ့ လေးလကတည်းက ကျွန်တော်ပြောပြီးသားပါ။ ဒီဒဏ်ရာမျိုးက ဘယ်ဆေးဝါးနဲ့မှ မကုနိုင်ဘူး။ သူတို့အနေနဲ့လည်း ဒီဒဏ်ရာဘာကြောင့်ရလဲ နားလည်နိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကပြုစားမှုပိုင်းနဲ့ သက်ဆိုင်နေလို့ပဲ။ ဒီနေ့ ဒူးဒဏ်ရာ၊ နောက်နေ့ကျ ပေါင်ဒဏ်ရာ၊ နောက်တစ်ရက်ကျ တစ်ခြားဒဏ်ရာဖြစ်နေလိမ့်မယ်"ဟု ပြောသည်။

ပြီးခဲ့သည့်အင်္ဂါနေ့က စီရော်နယ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းအခြေစိုက်လေ့ကျင့်ရာ နယူးယော့ခ် တွင် အသင်းဖော်များနှင့်မဟုတ်သော်လည်း သီးခြားလေ့ကျင့်မှုများပြုလုပ်နိုင်ခဲ့သည်။ ၎င်းသည် ဂရိနှင့် ကစားခဲ့သော ကမ္ဘာ့ဖလားပွဲကြိုခြေစမ်းပွဲကိုလည်း လွဲချော်ခဲ့ရပြီး ယင်းပွဲမှာ ဂိုးမရှိသရေကျခဲ့သည်။ ပေါ်တူဂီ အသင်းသည် စနေနေ့တွင် မက္ကဆီကိုနှင့်လည်းကောင်း၊ အင်္ဂါနေ့တွင် အိုင်ယာလန်နှင့်လည်းကောင်း ဆက် လက်ခြေစမ်းမည်ဖြစ်ပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲကို ဇွန် ၁၆ တွင် ဂျာမနီနှင့်စတင်ကစားရမည်ဖြစ်သည်။

ရည်ညွှန်း Dailymail
Mizzima Sport News

No comments:

Post a Comment