Friday 6 June 2014

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများနေထိုင်ရာ အဆောင် ပတ်ဝန်းကျင် တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းအနီးရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ နေထိုင်သည့် မြိုင် သာယာရပ်ကွက်အတွင်းရှိ ကျောင်းသားအဆောင် ပတ်ဝန်းကျင်တွင် မူးယစ်စိတ်ကြွဆေးပြား ရောင်းချသူ ကို မေလ နောက်ဆုံးရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ လက်ထောက် ကထိက ဦးသိန်းဇော်ဦးက ပြောကြားသည်။ 

မော်လမြိုင် မူးယစ်တပ်ဖွဲ့စု (၃၈) နှင့် မြိုင်သာယာ နယ်မြေရဲစခန်းတို့ ပူးပေါင်းပြီး မြိုင်သာယာ ရပ်ကွက် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းများကို မေလအတွင်း နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးရမိ ခဲ့ကြောင်း၊ မေလ ၃၁ ရက်နေ့က မြိုင်သာယာ ၁၅ လမ်းတွင် နေထိုင်သူ ဦးမင်းသန်းထိုက် နေအိမ်တွင် မူးယစ်စိတ်ကြွ ဆေးပြား ၁၁၈ ပြားနှင့် မူးယစ်ဆေးဝါးများ ရောင်းချငွေဟု ယူဆရသည့် ငွေ ကျပ် ၃၂၅,၀၀၀ ကို မြိုင်သာယာ ရဲစခန်းက သိမ်းဆည်းခဲ့သည်ဟု မြိုင်သာယာ နယ်မြေရဲစခန်း တာဝန်မှူးက အတည်ပြု ပြောဆိုသည်။ 

မူးယစ်ဆေးဝါးများ လက်ဝယ် တွေ့ရှိခဲ့သည့် ဦးမင်းသန်းထိုက်က အဆိုပါ မူးယစ်စိတ်ကြွ ဆေးပြားများသည် မြိုင်သာယာ ၂၀ လမ်းတွင် နေထိုင်သည့် ၎င်း၏ အစ်မဖြစ်သူ ဒေါ်သက်သက်စံထံမှ ဆေးပြား ၂၀၀ ပါဝင် သည့် ဆေးပြား တစ်ထုပ်ကို ကျပ်ရှစ်သိန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး၊ မူးယစ်ဆေးပြား တစ်လုံးလျှင် ငွေကျပ် ၅၀၀၀ ဖြင့် ပြန်လည်ရောင်းချခြင်း ဖြစ်သည်ဟု မြိုင်သာယာ နယ်မြေရဲစခန်းတွင် ထွက်ဆိုခဲ့ခြင်းကြောင့် ဦးမင်းသန်းထိုက်၏ အစ်မဖြစ်သူ ဒေါ်သက်သက်စံကိုပါ မြိုင်သာယာ ရဲစခန်းက တစ်ပါတည်း ဖမ်းဆီးခဲ့သည် ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ 

နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းပတ်ဝန်းကျင်အနီး ကျေးရွာများရှိ ကျောင်းသားတည်းခိုဆောင် အချို့နှင့် လက်ဖက်ရည်ဆိုင် အချို့တွင် ကျောင်းသားများသည် မူးယစ်ဆေးဝါးများကို အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်ကြကြောင်းနှင့် ယင်းနည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် မှုနှင့် သုံးစွဲမှုများသည် ကျောင်းသားများကြားတွင် ရှိနေကြပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ များ၏ အဓိက သားကောင်သည် ကျောင်းသားများ ဖြစ်နေသည်ဟု မေလ ၂၇ ရက်နေ့က ပြုလုပ်သည့် နည်းပညာ တက္ကသိုလ် (မော်လမြိုင်) ကျောင်းသားများ တွေ့ဆုံပွဲတွင် ယင်းနည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အတွင်းရေးမှူးက ပြောကြားခဲ့ပြီးနောက် ပထမဆုံး ဖမ်းမိခြင်း ဖြစ်သည်ဟု တက္ကသိုလ် ကျောင်းသား များ အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါကိစ္စကြောင့် ဦးမင်းသန်းထိုက်နှင့် ဒေါ်သက်သက်စံတို့ကို မြိုင်သာယာ ရဲစခန်းတွင် မယ (ပ) ၁၀/၂၀၁၄ မူးယစ်စိတ်ပြောင်း ဥပဒေပုဒ်မ ၁၅/၁၉ (က)/ ၂၀ (က)/ ၂၁ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း၊ ဒေါ်သက်သက်စံ၏ နေအိမ်ကို သက်သေများဖြင့် ရှာဖွေခဲ့ရာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက် သည့် သက်သေတစ်စုံတစ်ရာ မတွေ့ခဲ့သောကြောင့် ဆက်လက် စစ်ဆေးလျက် ရှိကြောင်း မြိုင်သာယာ ရဲစခန်းမှူးက ပြောဆိုသည်။

The Voice Weekly 

No comments:

Post a Comment