Thursday 20 March 2014

ငွေကြေးချို့တဲ့သူများအတွက် ပညာသင် ထောက်ပံ့မှု စီမံကိန်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည်

ကမ္ဘာ့ဘဏ်နှင့် သြစတြေးလျ အစိုးရတို့၏ အကူအညီဖြင့် စတုတ္ထတန်းမှ ဒသမတန်း အထိ ငွေကြေးနွမ်း ပါးသော ကျောင်းသား၊ ကျောင်းသူများ အတွက် လေးနှစ်ဆက်တိုက် ပညာသင် ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ပြောကြားသည်။

ယခင်က ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ အတိုးမဲ့ ချေးငွေနှင့် သုံးနှစ်ဆက်တိုက် ထောက်ပံ့ရန် လျာထားသော်လည်း သြစတြေးလျ အစိုးရ၏ ဖွံ့ဖြိုးရေး အစီအစဉ် AusAID က တစ်နှစ်စာ အမေရိ ကန်ဒေါ်လာ သန်း ၂၀ ထပ်မံ ထောက်ပံ့ ပေးခဲ့သောကြောင့် လေးနှစ်ထိ တိုးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှ မြို့နယ် ရှစ်ခု ရွေးချယ်ထားပြီး ကျောင်းသား၊ ကျောင်း သူ ၃၇,၇၉၈ ဦးကို ရွေးချယ်မည် ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ် များတွင် မြို့နယ် ၄၀ မှ ကျောင်းသား၊ ကျောင်းသူ ၁၈၈,၁၉၈ ဦးအထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

“သွားလာရ ခက်ခဲတဲ့ C၊ D၊ E အဆင့်ရှိတဲ့ ကျောင်းတွေကို ဦးစားပေးသွားမယ်” ဟု ဦးဝင်းမြင့်မောင်က ပြောဆိုသည်။ 

ပညာရေး ဝန်ကြီးဌာန၏ ယခု ပညာသင်နှစ်တွင် စတင်မည့် ပညာသင် ထောက်ပံ့ကြေး အစီအစဉ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ မပါဝင်သေးကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။

ပညာသင် ထောက်ပံ့ကြေး ရရှိသူသည် စတုတ္ထတန်း (မူလတန်းအဆင့်) တွင် ပညာသင်နှစ် တစ်နှစ်လျှင် ကျပ်ငါးသောင်း၊ အလယ်တန်းအဆင့် အတွက် ကျပ်ရှစ်သောင်းနှင့် အထက်တန်းအဆင့် အတွက် ကျပ်တစ်သိန်း အသီးသီး ထောက်ပံ့မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာထားသည်။

သို့သော် ကျောင်းသား၊ ကျောင်းသူ၏ ကျောင်းခေါ်ကြိမ်နှင့် ကြိုးစားမှုပေါ် မူတည်ပြီး ပညာသင် ထောက်ပံ့ကြေး ရုပ်သိမ်းမှုများ ရှိနိုင်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ဆိုသည်။

ယင်းပညာသင် ထောက်ပံ့ကြေး စီမံကိန်းတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် အမေရိကန်ဒေါ်လာ သုံးသန်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ သန်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ အသီးသီး တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment