Thursday 20 March 2014

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားနှင့် နည်းပြစာရင်းကို မက်ဆီနှင့် မော်ရင်ဟိုတို့ ဦးဆောင်

လက်ရှိကမ္ဘာ့ဘောလုံးလောကတွင် ၀င်ငွေအကောင်းဆုံးကစားသမားနှင့် နည်းပြဦးရေ ၂၀ ကို Football မဂ္ဂဇင်းက ပြုစုထုတ်ပြန်ခဲ့ရာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုတို့ ဦးဆောင်နေသည်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို လေးကြိမ်အထိရရှိထားသော ဘာစီလိုနာအသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီသည် တစ်နှစ်အတွင်း ၀င်ငွေစုစုပေါင်း ယူရို ၄၁ သန်း ရရှိနေကာ အဓိကပြိုင်ဘက်ဖြစ် သူ ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုထက် ယူရိုတစ်သန်းခွဲ ပိုမိုရရှိခဲ့ကာ ထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ တတိယနေရာတွင် ယခုနှစ်ရာသီအစက ဆန်းတို့စ်အသင်းမှ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ဘရာဇီးတိုက်စစ်မှူး နေမာက ရပ်တည်ခဲ့ပြီး အဆင့် (၄)နေရာတွင် မန်ယူအသင်းတိုက်စစ်မှူး ရွန်နီက ရပ်တည်နေသည်။ အင်္ဂလန်တိုက် စစ်မှူးရွန်နီသည် ယခုနှစ်အတွင်း မန်ယူအသင်းနှင့် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းဝန်းကျင်ရရှိသည့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့မှုကြောင့် အဆင့် (၄)နေရာအထိ ရောက်ရှိ လာခြင်းဖြစ်ပြီး ၎င်းနောက်တွင် ပီအက်စ်ဂျီအသင်း၏ ၀င်ငွေ အကောင်းဆုံး ကစားသမားဖြစ်သည့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရှိနေသည်။

ဝင်ငွေအကောင်းဆုံးကစားသမားစာရင်း ၂၀ တွင် အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကစားသမား ခုနစ်ဦး အထိ ပါဝင်နေပြီး လာလီဂါ၊ ဘွန်ဒစ်လီဂါ၊ လီဂူး(၁) ပြိုင်ပွဲများမှ လေးဦးစီပါဝင်ကာ စီးရီးအေပြိုင်ပွဲမှမူ ဂျူဗင်တပ်စ်ဂိုးသမားဘတ်ဖွန်တစ်ဦးသာ ပါရှိသည်။ ဘွန်ဒစ်လီဂါမှလေးဦးမှာ ဘိုင်ယန်မြူးနစ်တစ်သင်း တည်းမှဖြစ်ပြီး ပြင်သစ်၏ငွေသုံးအများဆုံးအသင်းဖြစ်သည့် ပီအက်စ်ဂျီအသင်းမှ သုံးဦးအထိပါဝင်နေခဲ့ သည်။ ၎င်းတို့၏တစ်နှစ်တာဝင်ငွေများကို တွက်ချက်ရာတွင် အသင်းများမှ ပေးချေသည့်လစာငွေများအပြင် ကြော်ငြာခများ၊ ရုပ်ပုံအသုံးပြု ခြင်းများနှင့် စပွန်ဆာများမှ ရရှိသည့်ဝင်ငွေများအားလုံးကို ထည့်သွင်းတွက် ချက်ခြင်းဖြစ်သည်။

ဝင်ငွေအကောင်းဆုံးနည်းပြစာရင်းတွင် ချယ်လ်ဆီး အသင်းနည်းပြ မော်ရင်ဟိုက တစ်နှစ်ဝင်ငွေ ယူရို ၁၇ သန်း ဖြင့် ထိပ်ဆုံးတွင်ဦးဆောင်နေကာ ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာ၊ ဂါလာတာစာရေးအသင်း နည်းပြ မန်စီနီ၊ ရီးယဲလ် အသင်းနည်းပြ အန်စလော့တီတို့ကို ကျော်ဖြတ်၍ ဦးဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်းနည်းပြဟောင်း မော် ရင်ဟိုသည် ၀င်ငွေအကောင်းဆုံးနည်းပြအဖြစ် နောက်ဆုံး ၁၁ နှစ်အတွင်း ၁၀ ကြိမ်အထိ ပါဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းထဲတွင် ယမန်နှစ်ရာသီများက ချယ်လ်ဆီး အသင်းမှ ထုတ်ပယ်ခံခဲ့ရသည့်နည်းပြများဖြစ်ကြသော ဒီမက် တီယိုနှင့် ဘိုအာ့စ်တို့ ပါဝင်နေခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment