Thursday 20 March 2014

ရွှေစက်တော် ဘုရားပွဲ၌ မီးလောင်

Photo: ရွှေစက်တော် ဘုရားပွဲ၌ မီးလောင်
Thursday, March 20, 2014

ဗုဒ္ဓခြေတော်ရာ နှစ်ဆူကို ပူဇော်သည့် ရွှေစက်တော် ဘုရားပွဲတွင် မတ်လ ၁၉ ရက် နံနက် ၂ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အရေးကြီး ဧည့်သည်များ တည်းခိုဆောင် သုံးခု အပါအဝင် အခြား တည်းခိုဆောင် ၁၁ ခုကို မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် ကျပ်သိန်း ၃၀ နှင့် သုံးသောင်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်းက ပြောကြားသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် နမ္မဒါ တည်းခိုဆောင် အဆောင် (၅) အခန်း (၆) ၌ ငှားရမ်း နေထိုင်သော ဦးဇော်မင်းသိန်း ထွန်းညှိသည့် ခြင်ဆေးခွေမှ တစ်ဆင့် ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အရာရှိက ရှင်းပြသည်။

“အမေက ကလေးနဲ့ ကုန်းပေါ်တက်နေဆိုလို့ ကျွန်မလည်း သွားနေရတယ်။ ကျွန်မတို့ ကုန်းပေါ်တက်တော့ ၂ နာရီခွဲ ရှိပြီ” ဟု တည်းခိုဆောင် ပိုင်ရှင်ဖြစ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ၂ နာရီ မိနစ် ၂၀ တွင် သတင်းရရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှူး ဦးအောင်ဝင်းစိန် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင် ၆၃ ဦး၊ မီးသတ် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ မီးသတ်ယာဉ် တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်ယာဉ် နှစ်စီး၊ ငဖဲမြို့မှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ရွှေစက်တော် မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ နံနက် ၃ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း ဦးကျော်သိန်းက ပြောကြားသည်။

“ကလေးတွေနဲ့ ဆိုတော့ အသက်လုပြီး ပြေးရတာ” ဟု မီးလောင်မှု ဖြစ်ပွားရာ ဘေးချင်းကပ် အဆောင်တွင် တည်းခိုခဲ့သူ အမျိုးသမီးက ဆိုသည်။

မီးစတင် လောင်ကျွမ်းရာ တည်းခိုဆောင်မှ ဦးဇော်မင်းသိန်းကို စကု ရဲစခန်းက (ပ) ၂၅/၁၄၊ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တိုင်းမီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်ကျွမ်းမှု မဖြစ်ပွားမီ တစ်ပတ်ခန့်က တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနက မီးသတ်ယာဉ် အစီး ၂၀ ကို တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် တစ်ခုလျှင် မီးသတ်ယာဉ် တစ်စီးကျစီ လွှဲပြောင်း ပေးအပ်ထားသည်။

The Voice Weekly

No comments:

Post a Comment