Thursday 20 March 2014

MH370 ဟု ယူဆရသော လေယာဉ်ကို ပျောက်ဆုံးပြီးနောက် ထိုင်းရေဒါ ဖမ်းယူမိခဲ့

မလေးရှား လေကြောင်းမှ ပျောက်ဆုံးနေသည့် MH370 လေယာဉ်ဟု ယူဆရသော အမည်မသိ လေယာဉ်တစ်စင်းကို ထိုင်းလေတပ် ရေဒါက ဖမ်းယူတွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ လေယာဉ်၏ ပုံရိပ်ကို ခရီးသည်တင်လေယာဉ် ပျောက်ကွယ်သွားပြီး မိနစ်ပိုင်းမျှ အကြာတွင် ဖမ်းယူရမိခဲ့ခြင်းဟု သိရသည်။

ထို့ကြောင့် ပျောက်ဆုံးနေသည်မှာ (၂)ပတ်နီးပါးမျှ ကြာမြင့်နေပြီ ဖြစ်သည့် လူပေါင်း(၂၃၉)ဦး လိုက်ပါ သွားသော လေယာဉ်၏ကံကြမ္မာကို ပိုမို၍ မှန်းဆရ ခက်ခဲလာပြီ ဖြစ်သည်။ ထိုင်းနိုင်ငံမှ ရေဒါပညာရှင်များ သည် အဆိုပါ လေယာဉ်ကို တွေ့မြင်ခဲ့သော်လည်း နိုင်ငံလေပိုင်နက်ကို ခြိမ်းခြောက်လာမည့် အခြေအနေ မရှိသဖြင့် ထိုစဉ်က သတင်းမပို့ခဲ့ဟု ဆိုသည်။

ထိုင်းလေတပ် အကြီးအကဲ မွန်သွန်းဆူချူကွန်းက “အမည်မသိ လေယာဉ်ဟာ ဒေသစံတော်ချိန် (၁၂း၁၈) နာရီမှာ ရေဒါစက်ကွင်းထဲ ပေါ်လာခဲ့တာပါ။ အဲဒါဟာ MH370 ပျောက်ကွယ်သွားပြီး (၆)မိနစ် အကြာမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် တောင်တရုတ်ပင်လယ်ပေါ် ဖြတ်ပျံနေပြီး MH370လေယာဉ် ခရီးစတင်ရာ ကွာလာလမ်ပူမြို့ တည်ရှိသည့် အနောက်တောင်ဘက်သို့ ဦးတည်နေကြောင်း သိရသည်။ MH370နှင့် မလေးရှား လေကြောင်းထိန်းသိမ်းရေး အာဏာပိုင်များ နောက်ဆုံး အဆက်အသွယ် ရခဲ့သော အချိန်သည် ထိုင်းစံတော်ချိန် (၁၂း၁၂)နာရီဖြစ်သည်။

ထိုစဉ်က ထိုင်းလေတပ်သည် လေယာဉ်ကို သွားရောက်စစ်ဆေးမှု မပြုလုပ်ခဲ့ဟု ဆိုသည်။ “ထိုင်းလေ ပိုင်နက်ကို ဦးတည်မနေသလို ထိုင်းနိုင်ငံကို ခြိမ်းခြောက်မယ့် အခြေအနေလည်း မရှိခဲ့တဲ့အတွက် တိုက်လေယာဉ်တွေ မစေလွှတ်ခဲ့တာပါ”ဟု ဆူချူကွန်းက ဆိုသည်။ ၎င်းက ယင်းအခြေအနေသည် ယခင်က သတင်းထိမ်ချန်ထားခြင်း ဆိုသည်ကို ငြင်းဆိုခဲ့ပြီး နောက်ပိုင်းတွင်မှ မှတ်တမ်းများကို ပြန်လည်စိစစ်၍ ရှာဖွေတွေ့ရှိခဲ့ခြင်းဟု ပြောကြားခဲ့သည်။

Planet Myanmar Network.

No comments:

Post a Comment