Thursday 20 March 2014

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဦးတည်ချက် မရှိဟု ဒေါက်တာဦးမြင့် ဝေဖန်

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြုလုပ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှု များသည် ဦးတည်ချက် ပျောက်နေကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ဝေဖန် ပြောကြားလိုက်သည်။ 

နှစ်ငါးဆယ်ကျော် ယိုယွင်းခဲ့သော စနစ်ကို အချိန်တိုအတွင်း ပြုပြင် ပြောင်းလဲရန် မဖြစ်နိုင်ဘဲ ယခု ပြုလုပ်နေသော ပြုပြင် ပြောင်းလဲမှုများသည် မြန်ဆန်လွန်းနေကြောင်း ဒေါက်တာဦးမြင့်က မတ်လ ၁၈ ရက်နေ့တွင် သတင်းထောက် အချို့နှင့် သီးခြား တွေ့ဆုံစဉ် ပြောကြားသည်။

“Focus (ဦးတည်ချက်) သိပ်မရှိဘူး။ လာတဲ့ သူတွေနဲ့ လျှောက်တွေ့ပြီး လုပ်နေတယ်” ဟု ဒေါက်တာဦးမြင့် က ဆိုသည်။ 

နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ နှောင့်နှေးနေခြင်းကြောင့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရမှာ ဝေဖန်ခံနေရပြီး ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မျိုးစောင့်ဥပဒေကို လွှတ်တော် တင်လာခြင်း ကြောင့်လည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။ 

ယခုအချိန်တွင် အာဆီယံ ဥက္ကဋ္ဌ ရယူထားပြီး အစည်းအဝေးပေါင်း များစွာကို ဦးဆောင် ကျင်းပရန် ရှိခြင်း၊ တိုင်းရင်းသားအရေး ကိစ္စများ ဖြေရှင်းနေရခြင်း စသည်တို့ကြောင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ နှောင့်နှေး နေရကြောင်း ဒေါက်တာ ဦးမြင့်က ဆိုသည်။ 

“စီးပွားရေးကိုလည်း မမေ့စေချင်ဘူး” ဟု ၎င်းကဆိုသည်။ 

အစိုးရဘက်တွင်သာမက အတိုက်အခံ ပါတီတွင်လည်း မူဝါဒ၊ စီးပွားရေး အစီအစဉ် စသည်တို့ ရှိရန် လိုကြောင်း ဒေါက်တာဦးမြင့်က ထောက်ပြ ပြောဆိုသည်။ 

ဥပဒေ မရှိဘဲ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုနေသည့် ကိစ္စနှင့် ပတ်သက်၍လည်း ဒေါက်တာဦးမြင့်က ဝေဖန်ပြောဆိုခဲ့ပြီး နိုင်ငံပိုင် လုပ်ငန်းများ၏ တန်ဖိုး မည်မျှ ရှိသည်ကိုလည်း တိတိကျကျ မသိရသေးကြောင်း သူက ဆိုသည်။ 

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သော်လည်း လမ်း တံတား၊ လျှပ်စစ်ကဲ့သို့သော အခြေခံ အဆောက်အဦများ အားနည်းခြင်း၊ အစိုးရ လုပ်ထုံး လုပ်နည်းများ ရှုပ်ထွေးခြင်း၊ ဘဏ်စနစ် အားနည်းခြင်း စသည်တို့ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် အကန့်အသတ် ရှိနေသည်။

The Voice Weekly

No comments:

Post a Comment