Thursday 20 March 2014

ပဋိပက္ခ ဒေသများရှိ အခြေခံပညာကျောင်းများ အတွက် ထောက်ပံ့ကြေး ပံ့ပိုးရန်စီစဉ်

ဖွံ့ဖြိုးမှုနှောင့်နှေးသော တိုင်းရင်းသား ဒေသနှင့် ပဋိပက္ခ ဒေသတို့ရှိ ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံပညာ ကျောင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင် ထောက်ပံ့ကြေးများ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ပြောကြားသည်။

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းထောက်ပံ့ကြေးနှင့် ငွေကြေးချို့တဲ့သူများ အတွက် ပညာသင် ထောက်ပံ့ကြေးအတွက် စီမံချက် မြို့နယ် ရှစ်ခု စီစဉ်ထားပြီး လာမည့် ပညာသင်နှစ်များတွင် ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဒေသတွေရဲ့ တိုးတက်လာတဲ့ အနေအထားနဲ့ ငြိမ်းချမ်းလာတဲ့ အနေအထားပေါ် မူတည်ပြီး တိုးချဲ့သွားမယ်” ဟု ဦးဝင်းမြင့်မောင်က ပြောဆိုသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ကျောင်းထောက်ပံ့ရေး စီမံချက် မြို့နယ်များတွင် ပဋိပက္ခ ဒေသရှိ အခြေခံပညာ ကျောင်းများ ပါဝင်ရန် ကမ္ဘာ့ဘဏ် တာဝန်ရှိသူများနှင့် ပညာရေး တာဝန်ရှိသူများ ဆွေးနွေးသွားရန် ရှိကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့ဘဏ်၏ ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင်စရိတ် ထောက်ပံ့ကြေးတွင် ထောက်ပံ့ကြေး ရရှိရမည့် ကျောင်းများအတွက် သက်မှတ်ချက်များ ရှိ၍ လိုအပ်ချက် မပြည့်မီသော ကျောင်းများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ထည့်သွင်းထားခြင်း မရှိကြောင်း၊ အခြေခံပညာရေးတွင် ရွှေ့ပြောင်း ကလေးငယ်များ၏ ပညာရေးအတွက် ထည့်သွင်း စဉ်းစားမှသာ မူလတန်းအဆင့် ကျောင်းထွက်နှုန်း လျော့ကျမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။

“ရန်ကုန်မှာတောင် တခြား ပြည်နယ်လိုပဲ ဆင်းရဲပြီး ကျောင်းသင်ဖို့ အခွင့်အရေး နည်းတဲ့ ကလေးတွေ ရှိသေးတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယင်းကြောင့် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ နှင့် သြစတြေးလျနိုင်ငံ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (AusAID) ၏ အမေရိကန်ဒေါ်လာ သန်း ၂၀ ထောက်ပံ့ မှုဖြင့် ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံပညာ ကျောင်းများအတွက် ပညာသင် ထောက်ပံ့ကြေး အစီအစဉ်များ စီစဉ်ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment