Thursday 20 March 2014

သီလဝါ အစုရှယ်ယာ ၁၃ သိန်းကျော် ရောင်းရန် ကျန်ရှိ

မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holding Public Limited –MTSH) ၏ အစုရှယ်ယာ ရောင်းချရန် အစုရှယ်ယာ ၁၃ သိန်းကျော် ကျန်ရှိနေကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

မြန်မာသီလဝါ ဟိုးဒင်း အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာ ၂ ဒသမ ၁၄၅ သန်းကို အများပြည်သူသို့ ရောင်းချရန် မတ်လ ၃ ရက်နေ့မှ စတင်၍ အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ မတ်လ ၁၇ ရက်နေ့အထိ ရှယ်ယာ အဆိုပြုလွှာ ရှစ်သိန်းကျော် ရရှိထားပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ရှစ်သောင်းကျော် ဖြစ်ကြောင်း မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က မတ်လ ၁၉ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

ရှယ်ယာ အစုပြုလွှာ ရှစ်သိန်းကို ရှယ်ယာရှင် ခြောက်သောင်းကျော်က အဆိုပြုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အဆိုပြုလွှာ စတင် လက်ခံရက်မှ ၁၅ ရက်အတွင်း ၃၇ ရာခိုင်နှုန်းကျော်ကို ရောင်းချ ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

“ကုမ္ပဏီ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ကမ်းလှမ်း အစုရှယ်ယာ အဖြစ် ပြည်သူကို ထုတ်ရောင်းတာပါ။ အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ကနဦး ရှယ်ယာရှင် ကုမ္ပဏီ ကိုးခုက ယူထားပါတယ်” ဟု ၎င်းကဆိုသည်။

သီလဝါ စီမံကိန်းကို မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်း ပါဝင်၍ အကောင်အထည် ဖော်သည်ဟု ကြား၍ ဝင်ရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း ပုဂ္ဂလိက အများပိုင် ကုမ္ပဏီ တစ်ခုတွင် ပြီးခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ရှယ်ယာ ဝင်ထားသည့် သင်္ဘောသား တစ်ဦးဖြစ်သူ ဦးသန်းအေးက ဆိုသည်။

“လုပ်ငန်းကတော့ ခိုင်မာတယ် ထင်တယ်။ သေးသေးကွေးကွေးလည်း မဟုတ်ဘူး။ လွယ်လွယ်လည်း မပျက်နိုင်ဘူး ထင်လို့ ရှယ်ယာတွေ ဝယ်ထားတာပါ” ဟု အစုရှယ်ယာ ဝယ်ယူရခြင်း အကြောင်းအရင်းကို ၎င်းက ရှင်းပြသည်။

သီလဝါ ရှယ်ယာများအတွက် အနည်းဆုံး ရှယ်ယာ ဝယ်ယူမည့် အဆိုပြုလွှာများကို ဦးစားပေး ရောင်းချမည် ဖြစ်ပြီး ရှယ်ယာ ဝယ်ခွင့် မရသူများသည် ဧပြီလ ၂၈ ရက်နေ့ နောက်ပိုင်းတွင် အဆိုပြုလွှာ တင်သွင်းခဲ့သည့် ဘဏ်၌ ငွေသား ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီက ကြေညာထားသည်။

သီလဝါ အများပိုင် ရှယ်ယာ တစ်စုလျှင် ကျပ်တစ်သောင်း သတ်မှတ်ထားပြီး ရှယ်ယာ ဝယ်ယူရန် အဆိုပြုလွှာကို ဧပြီလ ၉ ရက်နေ့အထိ တင်သွင်းနိုင်ခြင်းကြောင့် ရှယ်ယာ ဝယ်ယူရန် ရက် ၂၀ ကျော် ကျန်ရှိသည်။

The Voice Weekly

No comments:

Post a Comment