Thursday 20 March 2014

ငြိမ်းချမ်းရေး ဆက်လက်အကောင်အထည်ဖော်ရန် အမေရိကန်ဖိအားပေး

သမ္မတ အိုဘားမားနှင့် ၀န်ကြီးကယ်ရီတို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်နှင့် တွေ့ဆုံခဲ့ပြီးနောက် လာမည့်ရက်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ ဆက်လက်အကောင်အထည်ဖော်ရန် အမေရိကန်က ဆက်လက်ဖိအားပေးရန် စီစဉ်လျက်ရှိသည်ဟု မတ် လ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးရရန် ဖြစ်နိုင်သော နည်းလမ်းများ ဆွေးနွေးဖွေရှာရန်အတွက် ဂျွန်ကယ်ရီနှင့်အဘားစ်တို့ ဒုတိယအကြိမ်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိမ်ဖြူတော်တွင်ကျင်းပခဲ့သည့် ကနဦး ဆွေးနွေးပွဲများတွင် အစ္စရေးနှင့် ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းရာ တွင် ခက်ခဲသည့် ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား ချမှတ်ရန်နှင့် အရဲစွန့်ဆောင်ရွက်ရန် လိုအပ် ကြောင်း အိုဘားမားက အဘားစ်ကို တိုက်တွန်းခဲ့သည်။

“အလွန်ခက်ခဲပြီး စိန်ခေါ်မှုများနဲ့ပြည့် နေပါတယ်။ ခက်ခဲတဲ့နိုင်ငံရေး ဆုံးဖြတ်ချက်အချို့ကိုချမှတ်ဖို့ ရှိပါ တယ်။ ရှေ့ဆက် လျှောက်လှမ်းလိုရင် အရဲစွန့်ဆောင်ရွက်မှုတွေလည်း လိုအပ်ပါလိမ့်မယ်” ဟု အိုဘားမား က ပြောကြားခဲ့သည်။

အစ္စရေးအစိုးရအနေဖြင့် စီစဉ်ထားသည့်အတိုင်း နောက်ဆုံးအသုတ် ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း အဘားစ်က ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကိုလည်း ကတိပေးထားသည့်အတိုင်း စတုတ္ထအသုတ် အကျဉ်းသားများ ကို မတ်လကုန် နောက်ဆုံးထားပြီး ပြန်လွှတ်ပေးရန် မစ္စတာအိုဘားမားက ဖိအားပေး တိုက်တွန်းနေသည်။

Mizzima - News in Burmese

No comments:

Post a Comment