Thursday 20 March 2014

ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည်

Photo: ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည်
Thursday, March 20, 2014

သင်္ကြန်ရေသဘင် ပွဲတော်ကာလတွင် ရန်ကုန်မြို့တော် သင်္ကြန် ပိုမို စည်ကားစေရန် သင်္ကြန်ရေကစား မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယခင်နှစ်တွင် ပေ ၁၀၀ နှင့် အထက် သင်္ကြန်မဏ္ဍပ် အကြီး ၄၁ ခုသာ ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးကာ စုစုပေါင်း မဏ္ဍပ်ကြီး ၅၇ ခုထိ ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ကြီး ၁၆ ခု၊ ကမ္ဘာအေးဘုရားလမ်းတွင် ၁၀ ခု၊ ပြည်လမ်းတွင် လေးခုနှင့် ကျန်နေရာများတွင် မဏ္ဍပ်ကြီးများကို အသီးသီး ခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါ အကြီးတန်း အရာရှိက ပြောကြားသည်။

ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားမှု ၈၀ ကျော် ရှိပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု အများဆုံး ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု ၅၄ ခု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) က ထုတ်ပြန်ထားသည်။

“ကျွန်တော်က ဒီနှစ်မှ မဏ္ဍပ် စလုပ်တာ အရင်နှစ်တွေကတည်းက လုပ်နေကြသူတွေပဲ လုပ်ခွင့်ကြမှာပဲလို့ ပြောသံကြားတယ်။ ဘာပဲဖြစ်ဖြစ် သေသေချာချာ စိစစ်ပြီးတော့ အသစ် စလုပ်မယ့် သူတွေကိုလည်း ခွင့်ပြုပေးစေချင်တယ်” ဟု ကမ္ဘာအေး ဘုရားလမ်းမပေါ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူ၊ တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် ဦးရန်နောင်က ပြောကြားသည်။

မဏ္ဍပ်များ လျှောက်ထားခွင့် ပြုရာတွင် မဲနှိုက်သည့် စနစ်ဖြင့် ခွင့်ပြုပေးမည် ဖြစ်ကာ မဲပေါက်သည့်သူများ အနေနှင့် မဲပေါက်သော နေရာတွင်သာ ဆောက်လုပ်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ ယခင်နှစ် ဆောက်လုပ်ခွင့် ရရှိခဲ့သော သူများအနေနှင့် စည်းကမ်း ချိုးဖောက်မှုများ ရှိခဲ့ပါက ယခုနှစ်တွင် ဆောက်လုပ်ခွင့် ရရှိနိုင်ရန် နည်းပါးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိက ပြောကြားသည်။

ယခုနှစ် မဏ္ဍပ်ဆောက်လုပ်မည့် သူများအနေနှင့် စည်းကမ်းချက် ၄၉ ချက် လိုက်နာရမည် ဖြစ်ကာ အဆိုပါ စည်းကမ်းချက်များတွင် မဏ္ဍပ်အကြီးများသည့် အာမခံ စပေါ်ငွေ ကျပ် ၇၅သိန်း၊ မဏ္ဍပ် အလတ်များသည် အာမခံ စပေါ်ငွေ ကျပ် ၄၅သိန်း ကြိုတင် ပေးသွင်းရမည် ဖြစ်ကြောင်း၊ ရေကစား မဏ္ဍပ်များသည် နေ့စဉ် နံနက် ၇ နာရီမှ စတင်ကာ ညနေ ၆ နာရီတွင် နောက်ဆုံးထား ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး သုံးစွဲရာတွင် ယာယီမီတာ တပ်ဆင် သုံးစွဲရမည် ဖြစ်ကြောင်း၊ မဏ္ဍပ်တိုင်း မီးသတ်ဆေးဘူးများ ထားရှိရမည် ဖြစ်ကြောင်း အဆိုပါ စည်းကမ်းချက်များအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment